Friday, August 2, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ဗမာလူမ်ျိုးကိုယ်စားလှယ်များ၏မဲအများဖြင့်မဆုံးဖြတ်ရန် ရခိုင်အမတ်တောင်းဆို

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ဗမာလူမ်ျိုးကိုယ်စားလှယ်များ၏မဲအများဖြင့်မဆုံးဖြတ်ရန် ရခိုင်အမတ်တောင်းဆို
၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးချက်များလွတ်တော်အတွင်းမဲခွဲဆုံးဖြတ်ရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ သဘောဆန္ဒကိုလည်းထည့်သွင့်စဉ်းစားရန်လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကပြောသည်။
သြဂုတ်လ (၁)ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးမှုတွင် အထက်ပါအတိုင်းပြောကြားခြင်း ဖြစ်သည်။
“ပြင်ဆင်တဲ့နေရာမှာအခုလက်ရှိအခြေအနေနဲ့ကိုက်ညီအောင် ကျွန်တော်တို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုချင်နေတဲ့ ထပ်တူကျအောင်ပြင်ဆင်ဖို့တော့ လိုအပ်မယ်ဆိုတာကိုဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ဖက်ဒရယ်ပြည်ထောင်စုကိုဦးတည်သွားဖို့လိုအပ်ပါလိမ့်မယ်။ အခုအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုသွားချင်တဲ့အတွက် ပြင်ဆင်နေတဲ့အတွက် ဖက်ဒရယ်မှုများအတိုင်းသွားဖို့လည်း အထူးလိုအပ်ပါလိမ့်မယ်။ အမှန်တကယ်ပြင်ဆင်လိုစိတ်ရှိဖို့လည်းလိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ တိုင်းရင်သားတွေတင်ပြခဲ့တဲ့ အချက်အလက်တွေကိုဥပက္ခာမပြုဘဲ ပြီးတော့ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်များရဲ့မဲနဲ့မဆုံးဖြတ်ဖို့ကိုအဓိကထားဆွေးနွေးချင်ပါတယ်။”ဟုရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသတ္တမနေ့ကိုအစီအစဉ်(၆)ခုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်(၂၄)ဦးတို့ကဆက်လက်ဆွေးနွေးသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသတ္တမနေ့ကို (၁၂:၅၅)နာရီတွင် ရပ်နားလိုက်ပြီး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန)

0 comments:

Post a Comment