မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမြေပြိုမှုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးကာ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရက စီစဉ်နေပြီဖြစ်ကြောင်းပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။
ရန်ကုန်မြို့၊ Orchid Hotelတွင် သြဂုတ်လ (၂၄)ရက်ကကျင်းပသည့် ၂၀၁၉ ရေဘေးသင်ခန်းစာခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဒီဗွီဘီဒီဘိတ်အစီအစဉ်တွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့စဖြစ်တဲ့အချိန်ကနေ (၂)ပတ်အတွင်းမှာရှာဖွေကယ်ဆယ်ရေးတွေလုပ်ပြီးသွားပါပြီ။ အခုပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရနဲ့ပူးပေါင်းပြီးစီစဉ်နေပါတယ်။ အိမ်တွေကို နေရာတကျပြန်လည်ဆောက်ထားနိုင်ဖို့၊ ကလေးတွေကိုသင်ကြားရေးတွေပြန်ပြီးအမြန်ဆုံးလုပ်နိုင်အောင် ဒုတိယအဆင့်ပေါ့၊ ထပ်ပြီးတော့ဆောင်ရွက်ဖို့ တိုင်ပင်ထားတာရှိတယ်။ ဒါကတော့ လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေပါ။”ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။
ပြီးခဲ့သော သြဂုတ်လ (၈)ရက်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမလတ်တောင်ပြိုကျမှုကြောင့် လူအသေအပျောက်များရှိခဲ့ပြီးသေဆုံးသူ (၇၃)ဦးကို ပြန်လည်ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ (၂၅)ရက်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရေကြီးရေလျှံမှုကြောင့် နေရပ်စွန့်ခွာနေထိုင်ရသူ (၈)သောင်းကျော်အထိရှိလာကြောင်း သဘာဝဘေးအန္တာရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုရှိရေဘေးရှောင်စခန်း (၁၇၀)တွင် အိမ်ထောင်စုပေါင်း (၁၇၆၀၉)ခုမှ လူဦးရေ (၈၀၆၀၉)ဦးအထိရှိကြောင်းသိရသည်။
အဆိုပါရေဘေးသင့်ဒေသများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနသာင်္ရီတိုင်းဒေသကြီးတို့ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့နေရပ်စွန့်ခွာနေထိုင်ရသူအများဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၆၂၅၇)စုတွင် လူဦးရေ (၂၆၁၉၉)ဦးဖြစ်ကာဒုတိယအများဆုံးမှာကရင်ပြည်နယ်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၂၆၈၆)စုတွင် လူဦးရေ (၁၂၉၇၄)ဦးဖြစ်ကြောင်းသိရသည်။
ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment