Monday, August 5, 2019

ရွှေကျင်မြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိလာပြီး ရေဝင်ရောက်သောနေရာများမှ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း

 ရွှေကျင်မြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိလာပြီး အနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်ရောက်နေစဉ်
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် စစ်တောင်းမြစ်ရေမှာ သြဂုတ် ၅ ရက်၌ ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ကျော်လွန်ရောက်ရှိလာကာ ရေဝင်ရောက်သော အနိမ့်ပိုင်းရပ်ကွက်ကျေးရွာများမှ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရပြီး ကနဦးအခြေအနေအရ စာသင်ကျောင်းသုံးကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း ရွှေကျင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ရွှေကျင်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက်ပြီး “ရွှေကျင်က စစ်တောင်းမြစ်ကလည်း ရေတွေ တအားထိုးကျလာပြီလေ။ ပြီးတော့ကောနေတဲ့ မဒမ ချောင်းရယ်၊ ရွှေကျင်ချောင်းရယ်ပေါင်းပြီးတော့ ရေကကျတဲ့အခါကျတော့ အိမ်ထောင်စုက ၁၅၅ အိမ်၊ လူဦးရေက ၈၁၅ ဦး အခုလောလောဆယ် ရေဘေးသင့်ပေါ့နော်။ စောင့်ရှောက်ထားပြီ နောက်ထပ်ထပ်ပြီးတော့ တိုးဖို့ရာရှိတယ်။ ဘာဖြစ်လို့တုံးဆိုတော့ အပေါ်က ရေအားလျှပ်စစ်ကလည်း ရေထုတ်တယ်လေ။ အဲဒီအခါကျတော့ ချောင်းရေကျတဲ့အချိန်ရယ် အဲဒီကရေတွေထုတ်တဲ့အချိန်ရယ် ပေါင်းရင်တော့ အခြေအနေက အရင်နှစ်ထက်တောင် စောနေသေးတယ်” ဟု ရွှေကျင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။
ရွှေကျင်မြို့တွင် စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်း၊ မဒမချောင်းတို့မှရေများကြောင့် ရေကြီးလွှမ်းမိုးမှုဖြစ်ပွားလျက်ရှိရာ ရေများဝင်ရောက်၍ နေထိုင်၍ မရတော့သော အိမ်ထောင်စု ၁၅၅ စုမှ လူဦးရေ ၈၂၅ ဦးတို့အား နီးစပ်ရာဘုန်းကြီးကျောင်းများနှင့် ကုန်းမြင့်နေရာများသို့ ယာယီရွှေ့ပြောင်းပေးထားရကြောင်း၊ ရေကြီးမှုမှာထပ်မံတိုးလာနိုင်သော အနေအထားရှိနေသည့်အပြင် လတ်တလောတွင် စာသင်ကျောင်းသုံးကျောင်းအား ယာယီပိတ်ထားရပြီး ရွှေကျင်မြို့ပေါ်ရပ်ကွက်အချို့တို့တွင်လည်း ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဒေါ်လှလှဝင်းက “မြို့ပေါ်ရပ်ကွက်မှာက ညောင်ဝိုင်းရပ်ကွက်ရယ်၊ ပွဲကုန်းရပ်ကွက်ထဲမှာပါတဲ့ ဇီးတောပေါ့။ အဲဒါတွေကတော့ ရေတက်သွားပြီ စာသင်ကျောင်းက လောလောဆယ် အန်တီကြားတာ သုံးကျောင်းပဲကြားသေးတယ်။ အခုတော့ ရေဘေးသင့်စခန်းတွေကိုပေါ့နော်။ ကွပ်ကဲရေးရုံးဖွင့်ဖို့စီစဉ်ထားတယ်။ အန်တီတို့ကတော့ ဘုန်းကြီးကျောင်းဓမ္မာရုံတွေပေါ့။ တကယ်လို့လိုအပ်လာရင်တော့ တချို့စာသင်ကျောင်းတွေမှာ ထားရမယ့်သဘောရှိတာပေါ့” ဟု ဆက်လက်ပြောကြားသည်။
သြဂုတ် ၅ ရက် ညနေ ၃ နာရီ မိနစ် ၃၀ တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၇၉ စင်တီမီတာ( ၃ ပေခွဲခန့်)ကျော်လွန်၍ လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် ၇၀၀ အထက် ၇၉၀ စင်တီမီတာ (၃ပေကျော်ခန့်) ကျော်လွန်၍လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာများ အထူးသတိပြုနေထိုင်ကြရန် မိုးဇလဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားပြီး ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့တို့မှ အုပ်ချုပ်ရေးတာဝန်ရှိသူများက ရေဘေးကယ်ဆယ်စခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။        

Eleven Media Group 

0 comments:

Post a Comment