
ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ခြင်း လုပ်ငန်းများအတွက် အခြေခံအဆောက်အအုံနှင့် နည်းပညာမြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်း (မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်နှိမ်နှင်းရေးစင်တာ - Myanmar National Center of Disease Control) ကို နေပြည်တော်၌ တည်ဆောက်နေပြီး ယင်းဌာနကို အရှေ့တောင်အာရှ ဒေသအတွင်း ကူးစက်ရောဂါဆိုင်ရာ Reference Centre ဖြစ်ပေါ်ပေါက်လာရေး ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်တွင် တည်ဆောက်နေသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေး သင်တန်းကျောင်း တည်ဆောက်ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပွဲ သဘောတူညီချက်မှတ်တမ်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ယင်းလက်မှတ်ရေးထိုးပွဲကို ယခုနှစ် ဇန်နဝါရီလက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးသင်တန်းကျောင်း (Myanmar CDC and Training Center) တည်ဆောက်ရေးအတွက် Minutes of Meeting (MOM) on Site Investigation နှင့် Design Schemes Book တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဘက်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် တရုတ်နိုင်ငံအစိုးရ၊ ARCPLUS , Institute of Shanghai Architecural Design and Research Co., Ltd ဘက်မှ Directors General, Mr. Pan Lin တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
Myanmar CDC and Training Center တည်ဆောက်ရေးအတွက် ၂၀၁၇ ခုနှစ်၊ မေလတွင် တရုတ်ကျွမ်းကျင်သူအဖွဲ့တို့က Feasibility Study (LOA) ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် Myanmar CDC and Training Center တည်ဆောက်ရေးအတွက် Exchange Letter အား လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ယခု လက်မှတ်ရေးထိုးခဲ့သည့် Minutes of Meeting (MOM) on Site Investigation နှင့် Design Schemes Book တို့သည် Myanmar CDC and Training Center ပေါ်ပေါက်လာရေး ငါးနှစ်စီမံကိန်းအတွက် အခြေခံဖြစ်ကြောင်း၊ Implementation Agreement စာချုပ်အား ဆက်လက် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် Myanmar CDC and Training Center ပေါ်ပေါက်လာပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့် သင်တန်းပေးခြင်း လုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
စီမံကိန်း ပြီးစီးပြီးနောက် ရောဂါစောင့်ကြပ်ကြည့်ရှု ထောက်လှမ်းခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ လေ့ကျင့်သင်ကြားရေး လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အရှိန်မြှင့်၍ ပိုမိုဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများနှင့် သုတေသနလုပ်ငန်းများ ရှိလာမည်ဖြစ်ပြီး ကုသရေးဆိုင်ရာ လုပ်ငန်းများတွင်လည်း ယခုထက် ပိုမိုမှန်ကန် အရည်အသွေးပြည့်ဝသည့် ကုထုံးများကို ပြည်သူများအား ပေးနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
Eleven Media Group






0 comments:
Post a Comment