မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်မြောက် ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာမှာ သြဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
သဗြုချောင်ကျေးရွာ ရပ်ကွက် ၅ မှာ နေထိုင်တဲ့ ကိုအောင်ထိုက်က “ကျနော်က ဒီမှာနေလာတာ ကြာပါပြီ။ တခါမှ ဒီလိုဖြစ်စဉ်မျိုး မကြုံဖူးဘူး။ ကျောင်းသားတွေ နေ့လယ် ထမင်းစားပြန်ပြီး ကျောင်းပြန်သွားတော့ လယ်ကွင်းအောက်ဘက်ကနေ မည်းမည်းအလုံးကြီး တက်လာတယ်။ ကျနော်လည်း ကြောက်ပြီး အပြင်ပြေးထွက်တာပေါ့။ တော်သေးလို့ အိမ်ခေါင်မိုးလောက်ပဲ လန်သွားတာ။ အိမ်ပါပြိုသွားရင်တော့ ဘဝပျက်ပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၁၄ လုံးအနက် တချို့မှာ အိမ်လုံးကျွတ် သွပ်ခေါင်မိုးတွေ လန်ထွက်ခဲ့ပြီး တချို့မှာ အိမ်ခေါင်မိုးသွပ် အနည်းငယ်သာ လန်ထွက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက် ကျေးရွာအုပ်စု၊ သဗြုချောင်ကျေးရွာရှိ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ အကြားမှာ သြဂုတ် ၄ ရက်နေ့ နေ့လယ်ပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်တာကြောင့် လူနေအိမ်ခေါင်မိုးတွေ ပျက်စီးဆုံးရှုံးခဲ့တာပါ။
ရင်းငြိမ်မြောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က “အခုလိုဖြစ်စဉ်မျိုးက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကုလားချောင်ဘက်မှာ ဖြစ်ဖူးပါတယ်။ ဒီလောက်တော့ မများဘူး။ အခုလည်း သက်ဆိုင်ရာတွေကို အကြောင်းကြားပြီး ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်ပေးသွားမှာပါ” လို့ ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်း ၂၂ သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းအရ သိရပါတယ်။
သတင်း – ယူမင်းစိုး
DVB






0 comments:
Post a Comment