Friday, August 23, 2019

လစဉ်အသင်းဝင်ကြေး ပေးရန် မလိုသည့် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

Image may contain: one or more people, people standing and indoor
လစဉ်အသင်းဝင်ကြေး ပေးရန် မလိုသည့် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းကို စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

အဆိုပါအသင်းတွင် ဇေကမ္ဘာကုမ္ပဏီမှ ဥက္ကဌဒေါက်တာဦးခင်ရွှေက နာယက အဖြစ်ပါဝင်ကာ၊ ဥက္ကဋ္ဌအဖြစ် တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေး၊အတွင်းရေးမှူးအဖြစ် ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
"မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့ အသင်းတွေ အများကြီးရှိပါတယ်။ လုပ်ငန်းရှင် ကြီးသည် ငယ်သည် မဟုတ်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ခိုက်ဖို့ကို ကျွန်တော်တို့ လုံးဝလုပ်မှာ မဟုတ်ပါဘူး။ အသင်းအနေနဲ့ ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေကို အသင်းရဲ့ ဗဟိုကော်မတီဝင်များနဲ့ ကော်မတီအသီးသီးကို တာဝန်ယူဆောင်ရွက်ကြမယ့် ပုဂ္ဂိုလ်များမှ ထည့်ဝင်မယ့် ရန်ပုံငွေကို အဓိက အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အသင်းသားများရဲ့ဝင်ကြေး လစဉ်ကြေးများကို ကောက်ခံပြီး ရပ်တည်သွားမှာ မဟုတ်ပါဘူး။"ဟု ၎င်းကပြောသည်။
စီးပွားရေးလုပ်ငန်းများသည် တစ်နိုင်ငံလုံး ပြန့်နှံ့နေသည့်အတွက် ယခုအသင်းကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု များ ယခုထက် ပိုမိုလွယ်ကူစွာ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းတွင် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ၊ အစရှိသော လုပ်ငန်းနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များပါဝင်မည်ဖြစ်သည် ။
"စီးပွားရေးအဖွဲ့အစည်းတွေက အများကြီးရှိတယ်။ ဆောက်လုပ်ရေးရှိတယ်။ဟိုတယ်ရှိတယ်။ကျန်တဲ့
စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိပါတယ်။ အဲ့အသင်းတွေက သီးခြားရပ်တည်တယ်။ အခက်အခဲလေးတွေ ရှိကြတယ်။အဲ့ဒီမှာ အစိုးရအဖွဲ့ကို သတင်အချက်အလက် အမှန်သိစေချင်တယ်။ အဲ့ဒီလို သိစေချင်တာကနေ စီးပွားရေးသမားတွေ စကားဝိုင်းဖွဲ့ ပြောရင်းနဲ့ အသင်းတစ်သင်းဖွဲ့ဖို့လိုပြီး ဆိုပြီးတော့ အခုအသင်းကို ဖွဲ့စည်းတာဖြစ်ပါတယ်။"ဟု အသင်း၏ နာယက ဦးခင်ရွှေက ပြောသည်။

လက်ရှိအချိန်တွင် အဖွဲ့ဝင်အသင်းသား မည်မျှရှိသည်ကို ပြောဆို၍ မရသေးသော်လည်း အဆိုပါ အသင်းတွင် ဦးခင်ရွှေ၊ ဦးကိုကိုထွေး၊ ဦးဌေးမြင့်၊ ဦးရန်ဝင်း၊ ဦးရွှေကြိုင်၊ဦးကျော်ဝင်း စသည့် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်အသင်းသည် အစိုးရအဖွဲ့ အပါအ၀င် မည်သူ့ကိုမှ အတိုက်အခံ ပြုလုပ်မည် မဟုတ်ဘဲ၊ မိတ်ဖွဲ့ဆက်ဆံရေးကို အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များ၏ အောင်မြင်မူကို ဆောင်ရွက်ပေးရင်း တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ ဘ၀များကိုပါ မြှင့်တင်ပေးကာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မူကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

The Fifth Wave News

0 comments:

Post a Comment