Friday, August 23, 2019

နယ်မှလာသူမိန်းကလေးအားနှိပ်စက်ကာ ပြည့်တန်ဆာအဖြစ်အဓမ္မစေခိုင်းသည့်အဖွဲ့ကိုဖမ်းဆီးရာ ၂ ဦး လွတ်မြောက်နေ

နယ်မှလာသူမိန်းကလေးအားနှိပ်စက်ကာ ပြည့်တန်ဆာအဖြစ်အဓမ္မစေခိုင်းသည့်အဖွဲ့ကိုဖမ်းဆီးရာ ၂ ဦး လွတ်မြောက်နေ
ပြည်တန်ဆာအဖြစ်မတရားစေခိုင်းသူအဖွဲ့ကို လူကုန်ကူးတားဆီးနှိမ်နင်းရေးဥပဒေဖြင့် သြဂုတ် ၂၁ ရက်တွင် အမှုဖွင့်ထားကြောင်း လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌နေထိုင်သော မ------၊ ၂၀ နှစ် သည် အလုပ်ရှာရန် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေသူငယ်ချင်းမဇူးဇူး၊ (၂၀)နှစ်ထံသို့ ရောက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မေလလယ်(ရက်မမှတ်မိ)က သူငယ်ချင်းဖြစ်သူဇူးဇူးနှင့်အတူ လှိုင်မြို့နယ်၊ ဘီအိုစီသို့ ဈေးသွားဝယ်ခဲ့စဉ် မဇူးဇူး၏သူငယ်ချင်းမောင်ဇော်ဆိုသူနှင့်တွေ့ဆုံခိုက် အလုပ်ကိစ္စစကားပြောဆိုခဲ့ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုသို့ပြောဆိုကြရာ၌ တစ်လစားရိတ်ငြိမ်း ၂ သိန်းကျပ်ရရှိမည့်အလုပ်ရှိကြောင်းမောင်ဇော်ကပြောသဖြင့် လိုက်သွားခဲ့ကြရာ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိမအိခိုင်စိုး၊ (၃၄)နှစ်၏နေအိမ်၌ တစ်ညအိပ်ခဲ့ရကြောင်းသိရသည်။
နောက်တစ်ရက်၌ အိမ်ရှင် မအိခိုင်စိုးက ပြည့်တန်ဆာလုပ်ရမည်ဟုပြောသဖြင့် မ------၊ ၂၀ နှစ်ကငြင်းဆန်ရာ ကျော်လေး(စိစစ်ဆဲ)ဆိုသူက မလုပ်လျှင်လူမိုက်များဖြင့် သတ်ခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ထို့နောက် အိခိုင်စိုး၊ (၃၄)နှစ်ကယင်းရပ်ကွက်အတွင်းရှိ ၎င်းမိခင်ဒေါ်ချော၊ (၅၅)နှစ်ပိုင်ဆိုင်သောနေအိမ်သို့ ပို့ဆောင်ပေးသဖြင့် လိုက်သွားခဲ့ရကာ ယင်းနေအိမ်တွင် အမျိုးသမီး(၆)ဦးကိုလည်းတွေ့ရပြီး နေအိမ်မျက်နှာချင်းဆိုင်၌ “ဓနမိုး” တည်းခိုခန်းလည်းရှိသဖြင့် ပြည့်တန်ဆာများနှင့်ပျော်ပါးလိုသူများသည် တည်းခိုခန်းမန်နေဂျာကျော်အေးဆိုသူမှတစ်ဆင့် ဒေါ်ချောနှင့်အိခိုင်စိုးတို့ သားအမိကိုဆက်သွယ်ကာ နေအိမ်ရှိအမျိုးသမီးများကို တည်းခိုခန်းသို့ ပို့ဆောင်ပေးရကြောင်း မ------- ၂၀ နှစ်၏ထွက်ဆိုချက်အရ သိရသည်။
ထို့ပြင် မ------၊  ၂၀ နှစ်ကိုလည်းအငယ်လေးဆိုသည့်အမည်ဖြင့် ပြည့်တန်ဆာပြုလုပ်ခိုင်းသော်လည်း ငွေတစ်ပြားမှမရရှိခဲ့ကာ ၅ ရက်အကြာတွင် ဈေးဝယ်ရန်ဟုအကြောင်းပြကာ ထွက်ပြေးခဲ့သော်လည်း ကျော်လေး(စိစစ်ဆဲ)ဆိုသူ၏ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခံရကြောင်း စစ်ဆေးသိရှိရသည်။
သို့နှင့်ပြည့်တန်ဆာအလုပ်လုပ်နေစဉ် ရက် ၂၀ အကြာ၌ မ------ ၂၀ နှစ်နှင့်တစ်မြို့နယ်တည်းနေ အမျိုးသားတစ်ဦးက ၎င်းကို Night ခေါ်ချင်ကြောင်းပြောဆိုသဖြင့် ငွေ ၆၅,၀၀၀ ကျပ်ဖြင့် ဒေါ်ချောနှင့်အိခိုင်စိုးတို့သားအမိက သဘောတူခွင့်ပြုခဲ့ရာမှ ယင်းအမျိုးသား၏အကူအညီဖြင့် နေရပ်လပွတ္တာမြို့နယ်ကိုပြန်သွားနိုင်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် အရေးယူပေးပါရန် မ------၊  ၂၀ နှစ်က သြဂုတ်လ ၂၁ ရက်တွင် တိုင်တန်းလာသဖြင့် ပြစ်မှုကျူးလွန်သူ ပြည့်တန်ဆာခေါင်းဒေါ်ချော(၅၅)နှစ်နှင့်အိခိုင်စိုး(၃၄)နှစ်တို့သားအမိအပြင် တည်းခိုခန်းကြီးကြပ်မန်နေဂျာကျော်အေး၊ (၅၅)နှစ်တို့ ၃ ဦးကိုဖမ်းဆီးနိုင်ခဲ့သော်လည်းတစ်လ ၂ သိန်းစားရိတ်ငြိမ်းဖြင့် အလုပ်ရှာပေးသူမောင်ဇော်နှင့် နှိပ်စက်ခြိမ်းခြောက်သူကျော်လေးတို့နှစ်ဦးမှာ တိမ်းရှောင်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိစစ်ဆေးပေါ်ပေါက်ချက်အရ လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း၌ (ပ)၂၂၇၀/၂၀၁၉ ၊ လူကုန်တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၈(က)ဖြင့် အမှုဖွင့်ထားပြီးတိမ်းရှောင်သူ နှစ်ဦးကို စုံစမ်းရှာဖွေနေကြောင်း သတင်းရရှိသည်။

Source –TinNaingTun(လှိုင်သာယာ)
ဒါးဇ ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment