အိုဟိုင်ယိုပြည်နယ် ဒေတန်တွင် ဖြစ်ပွားခဲ့သော စက္ကန့်သုံးဆယ်ပင် မကြာသည့်ပစ်ခတ်မှုတွင် သေနတ်သမား၏ ညီမအပါအဝင် ရှစ်ဦးသေဆုံးခဲ့သည်ဟု ရဲကပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကော်နာဘက်စ် ၂၄ နှစ်သည် လူစည်ကားသော နက်ပက်ပါအရက်ဘားအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်သံထွက်လာချိန်တွင် အနီးရှိရဲများ ရောက်ရှိလာကာ ၎င်းနှင့် တွေ့ထိပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ၂၄ နာရီအတွင်း ဒုတိယမြောက်ဖြစ်ပွားခဲ့ သောသေနတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၂၇ ဦးရှိခဲ့သည်။
ကော်နာဘက်စ်သည် ဒေတန်မြို့လယ် အော်ရီဂွန်ခရိုင် နက်ပက်ပါ နိုက်ကလပ်တွင် နံနက် ၁ နာရီအချိန်ခန့်တွင် စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဘက်စ်သည် သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ပြန်ထွက်လာစဉ် တံခါးနားအရောက်တွင် ရဲများ၏ပစ်ခတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
သေနတ်သမားဘက်စ်သည် ကျည်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး ၎င်း၏ပွိုင့်တူးတူး ရိုင်ဖယ်အတွက် အပိုကျည်ကပ်များကိုပါ သယ်ဆောင်လာခဲ့သည်။
ဘက်စ်သည် ရိုင်ဖယ်သေနတ်ကို အွန်လိုင်းမှ မှာယူခဲ့ခြင်းဖြစ်ပြီး ၎င်းအား တရားဝင် သေနတ်ဝယ်ယူမှုကိုတားမြစ်သည့် နောက်ခံမှတ်တမ်းမရှိဟု သိရှိရသည်။
သေနတ်သမား၏ ညီမဖြစ်သူ မီဂန်ဘက်စ် ၂၂ နှစ်သည်လည်း သေဆုံးသူများထဲတွင် ပါဝင်ခဲ့သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ခန့်မှန်းပြောဆိုရန် အချိန်စောလွန်းသည်ဟု တာဝန်ရှိသူများက မှတ်ချက်ပေးသည်။
လူမျိုးရေးမုန်းတီးမှုများကြောင့် သတ်ဖြတ်မှု ဖြစ်နိုင်သလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ရဲမင်းကြီးရစ်ချတ် ဘီယယ်က “ညွှန်ပြနေသည့် အထောက်အထားမရှိပါ”ဟုဖြေကြားသည်။
ထိခိုက်ဒဏ်ရာရသူများကို အနီးရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နံနက် ၁၀ နာရီတွင် ၁၅ ဦး ဆေးရုံမှဆင်းနိုင်ခဲ့သည်။
သေနတ်ပစ်ခတ်မှု မှတ်တမ်းများအရ အမေရိကတွင် ယခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၅၁ ဦးရှိပြီဟုသိရှိရသည်။
တရားခံသည် အိုဟိုင်ယိုပြည်နယ် ဘဲလ်ဘရုခ်မှ ကော်နာဘက်စ် ၂၄ နှစ်ဖြစ်သည်ဟု ရဲဌာနက အတည်ပြုခဲ့သည်။ ၎င်း၏အိမ်ကို တနင်္ဂနွေနေ့တွင် ရဲများက ရှာဖွေစစ်ဆေးခဲ့ကြသည်။
မည်သည့်အကြောင်းရင်းကြောင့် ထိုသို့ပစ်ခတ်ခဲ့သည်ကို မသိနိုင်ကြောင်း မြို့တော်ဝန် နန်ဝေါ်လေက ပြောကြားသည်။ အော်ရီဂွန်ခရိုင်သည် နယ်မြေတစ်ခုလုံး တွင် ဘေးကင်းမှု အရှိဆုံးနေရာတစ်ခုဖြစ်သည်ဟု သူမကဆိုသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့တိုင်းပြည်မှာ ဖြစ်ချင်ရာဖြစ်နေတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့နေရတာပါ”ဟု ဝေါ်လေက ပြောကြားသည်။
ယခုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွင် အက်ဘီအိုင်အရာရှိများက ရဲများကို အကူအညီပေးလျက်ရှိသည်။
နယူးဂျာဆီပြည်နယ်တွင် ရောက်နေသော သမ္မတထရမ့်က “ကျုပ်တို့နိုင်ငံမှာ အမုန်းတရားအတွက် နေရာမရှိပါဘူး”ဟု လေယာဉ်ပေါ်မတက်မီ သတင်းထောက်များအား ပြောကြားလိုက်သည်။
The Voice






0 comments:
Post a Comment