Friday, August 2, 2019

နိုင်ငံရေးအမြတ်ထုတ်သည်ဟုပြောဆိုနေမှုများကိုဝမ်းသာအားရလက်ခံမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော

နိုင်ငံရေးအမြတ်ထုတ်သည်ဟုပြောဆိုနေမှုများကိုဝမ်းသာအားရလက်ခံမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော
မိမိတို့ကို နိုင်ငံရေးအမြတ်ထုတ်သည်ဟုပြောဆိုနေမှုများကိုဝမ်းသာအားရလက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ပါတီဝင်များနှင့် အမေး-အဖြေကဏ္ဍတွင် ပါတီဝင်တစ်ဦး၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အခြေခံဥပဒေပြင်ဆင်ရေးကိုကိုယ့်ကျိုးအတွက်တော့သုံးလို့မရဘူး။ ကျွန်တော်တို့ကိုပြောနေတာက နိုင်ငံရေးအမြတ်ထုတ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းပြောရင်လည်း နိုင်ငံရေးအမြတ်ထုတ်တယ်။ ကလေးသူငယ်မွေးစားတာနဲ့ပတ်သက်တာလည်း နိုင်ငံရေးအမြတ်ထုတ်တယ်။ ပြည်ခိုင်ဖြိုးလို့တော့ တိုက်ရိုက် မပြောဘူးပေါ့။ သို့သော်လည်း ပြည်ခိုင်ဖြိုးကိုရည်ညွှန်းတာပဲ။ နိုင်ငံရေးအမြတ်ထုတ်တယ်လို့ပြောရင် နိုင်ငံရေးကိုဘယ်လိုနားလည်သလဲထားသလဲဆိုရင် ကျွန်တော်တို့က နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလုပ်တာကို နိုင်ငံရေးလို့ခံယူတယ်။ ကျွန်တော်တို့ကို နိုင်ငံရေးအမြတ်ထုတ်တယ်လို့ပြောရင် ဝမ်းသာအားရလက်ခံမယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကန့်ကွက်မှုများပြုလုပ်နေသကဲ့သို့ သမ္မတလက်မှတ်ထိုးအတည်ပြုထားသည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေမှ မွေးစားခြင်းနှင့်သက်ဆိုင်သည့်အချက်များကိုလည်း ကန့်ကွက်ထားသည်။
လွှတ်တော်မှဝန်ကြီးချုပ်တင်မြှောက်နိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရန်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားသည်။

ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment