ဟီရိုရှီးမား အဏုမြူဗုံးဒဏ်သင့် နှစ်ပတ်လည် အခမ်းအနားမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ရေး တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၇၄ နှစ်က ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံး ကြဲမှုကြောင့် သေဆုံးရသူတွေအတွက် အောက်မေ့ဖွယ် နှစ်ပတ်လည်အခမ်းအနားကို ဂျပန်နိုင်ငံမှာ ဒီကနေ့ကျင်းပပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပါတယ်။
နှစ်ပတ်လည်အခမ်းအနားမှာ ခေါင်းလောင်းတွေထိုးပြီး တက်ရောက်လာသူ ၅ သောင်းခန့်ဟာ အဏုမြူဗုံးကြဲမှုကြောင့် သေဆုံးသူတွေကို ဂါရဝပြုခဲ့ပါတယ်။
အဲဒီနောက် အဏုမြူဗုံးကြဲချိန် ၈ နာရီ ၁၅ မိနစ်တိတိမှာ အားလုံးငြိမ်သက်ပြီး ဂါရဝပြုခဲ့ပါတယ်။
သေဆုံးသူတွေကို ပန်းခွေချ ဂါရဝပြုပြီးနောက်မှာတော့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စစ်အတွင်း နျူကလီးယားဗုံးကြောင့် အပျက်အစီး ကြုံတွေ့ရတဲ့ တခုတည်းသော ကမ္ဘာ့နိုင်ငံအနေနဲ့ ဂျပန်ဟာ နျူလက်နက်ကင်းစင်တဲ့ ကမ္ဘာဖြစ်ရေး ဇွဲသန်သန် ကြိုးပမ်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒါဟာ ဂျပန်နိုင်ငံရဲ့ တခုတည်းသော မစ်ရှင်ဖြစ်ပြီး ခေတ်သစ်မှာလည်း ဒီမစ်ရှင်ဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အာဘေးက ပြောကြားခဲ့ပါတယ်။
၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နေ့က အမေရိကန် လေတပ်ကနေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံး ကြဲချခဲ့ပါတယ်။ အဲဒီလို ကြဲမှုကြောင့် လူပေါင်း ထောင်ချီ ချက်ချင်းသေဆုံးပြီး အဲဒီနှစ်ကုန်ပိုင်းမှာ သေဆုံးသူ ၁၄၀,၀၀၀ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
DVB






0 comments:
Post a Comment