Tuesday, June 2, 2020

AA အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်ပတ်သက်သော စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိမှုကြောင့်AA နှင့် ARSA အကြမ်းဖက်အဖွဲ့များပူးပေါင်း၍ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ရုပ်လုံးပေါ်လာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ပတ်သက်သည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီး ရမိပြီးနောက် စိစစ်ဖော်ထုတ်ချက်များအရ AA နှင့် ARSA အကြမ်းဖက်အဖွဲ့များ ပူးပေါင်း၍ တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်မှု ဆောင်ရွက်ချက်များ ယခုအခါ ရုပ်လုံးပေါ်လာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြား ၂၄၃၇၅၀၀
သတင်းပေးချက်များအရ လုံခြုရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် မောင်တော မြို့နယ် ကန်သာယာကျေးရွာရှိ ရွှေသိန်း (အသက် ၃၁ နှစ်) ၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်ကားဂိုဒေါင်အတွင်း ရပ်ထား သည့် FORLAND အမျိုးအစား ယာဉ်အမှတ် YGN 9P-5603(ယာဉ်လိုင်စင် စိစစ်ဆဲ)ပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၈ အိတ် အတွင်းမှ WY/R စာတန်းပါ လိမ္မော်ရောင်စိတ် ကြွရူးသွပ်ဆေးပြား ၂၄၃၇၅၀၀ (၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၄၈၇၅၀) နှင့် နေအိမ်မှ PAA-912 နံပါတ်ပါ AUSTRIA နိုင်ငံထုတ်Glock ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄၉ သိန်း၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် Hijet အမျိုးအစား ယာဉ်အမှတ် YGN 1G-9180 မော်တော်ယာဉ်တစ်စီး (ယာဉ် လိုင်စင် စိစစ်ဆဲ)တို့အား တွေ့ရှိသိမ်းဆည်းရမိ ကြောင်း။
၎င်းနေအိမ်တွင် ရွှေသိန်းမှာ ကြိုတင် တိမ်းရှောင်သွားပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦး မစိန် (အသက် ၃၀ )နှင့် ဆက်စပ်ပတ်သက်သူ ငါးဦးတို့အား တွေ့ရှိဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ ကြောင်း၊ ကနဦးစစ်ဆေးပေါ်ပေါက်ချက်များ အရ ရွှေသိန်းသည် AA အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းရွာတွင် ရွာသား အသွင်နေထိုင်၍ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်း တာဝန်ခံ အဖြစ်ဆောင်ရွက်ကြောင်း၊ သိမ်းဆည်းရမိ သည့် သေနတ်မှာ AA အကြမ်းဖက်အဖွဲ့မှ ထုတ်ပေးထားသည့် သေနတ်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ရခိုင်တိုင်းရင်းသား ငါးဦးအနက် နှစ်ဦးမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် မှုတွင် ရွှေသိန်းနှင့်အတူ ကိုယ်တိုင်ပါဝင်ပတ် သက်သူဖြစ်ပြီး ကျန် သုံးဦးမှာ ရသေ့တောင်မြို့ နယ် ပေါက်တောပြင်ကျေးရွာဇာတိများဖြစ်ကာ AA အကြမ်းဖက် သင်တန်းတက်ရောက်ရန် ရွှေသိန်းက လူသစ်စုဆောင်းထားပြီး ၎င်း၏ နေအိမ်တွင် ခေတ္တခေါ်ထားသူများ ဖြစ် ကြောင်း၊ ရွှေသိန်း၏ နေအိမ်တွင် နေထိုင်စဉ် ရွှေသိန်းစေခိုင်းသည့် မူးယစ်ဆေးဝါး သယ် ဆောင်မှု ကိစ္စများကို ဆောင်ရွက်ပေးရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အဆင့်ဆင့်သယ်ဆောင်
ယခု မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ကန်သာယာကျေးရွာသည် ရခိုင်တိုင်းရင်း သားများ နေထိုင်သည့်ကျေးရွာဖြစ်ပြီး အနီး ဝန်းကျင်ရှိ ကျေးရွာများမှာလည်း ရခိုင်တိုင်းရင်း သားအများစုနှင့် မြိုတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများဖြစ်ကြောင်း၊ အငူမော်-မောင်တောကားလမ်းတစ်‌လျှောက်သည် အငူ မော်မှ မောင်တောအထိ ရခိုင်တိုင်းရင်းသား ကျေးရွာများပင်ဖြစ်ကြောင်း၊ AA အကြမ်း ဖက်အဖွဲ့သည် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့ တောင်မြို့နယ်အကြား မေယုမြစ်အရှေ့ဘက် ကမ်းရှိ ရသေ့တောင် - ဘူးသီးတောင်ကားလမ်း နှင့် မေယုမြစ်ကြောင်းကို ထိန်းချုပ်ထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေမှတစ်ဆင့် မူးယစ်ဆေးဝါးများကို လူဖြင့်လည်းကောင်း၊ စက်လှေ၊ မော်တော်ယာဉ်တို့ဖြင့် လည်းကောင်း အဆင့်ဆင့်သယ်ဆောင်ကာ မောင်တောမြို့ ပေါ်နှင့် မောင်တောတောင်ဘက်ခြမ်းသို့ ပို့ဆောင်ကြောင်း။
မောင်တောမြို့တောင်ဘက်ခြမ်း နယ်မြေ ၌ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိ အမှုပေါင်း ၁၃ မှုနှင့် ဖမ်းဆီးရမိ ပမာဏမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉၅၀၃၇၉ ပြား ရှိကြောင်း၊ ဖမ်းဆီးရမိပါဝင်ပတ်သက်သူ တရားခံများမှာ ဖမ်းမိတရားခံ ၁၇ ဦး၊ ပြန်လည်ခုခံ တိုက်ခိုက်သဖြင့် ပစ်ခတ်အသေဖမ်းဆီးရမိသူတစ်ဦးနှင့် တရားခံပြေး ခြောက်ဦးတို့ ဖြစ်ကြောင်း၊ မောင်တောမြို့မှတစ်ဆင့် မောင်တောမြောက်ဘက်ခြမ်းနယ်မြေအား ဖြတ်သန်းပြီး တစ်ဖက်နိုင်ငံနယ်စပ်သို့ မူးယစ်ဆေးဝါး ဆက်လက်ပို့ဆောင်သူများမှာ ARSA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများ ဖြစ် ကြောင်း။
၂၀၁၉ ခုနှစ်ကုန်ပိုင်း မောင်တောမြို့ ပေါ်တွင် ဖမ်းဆီးရမိသူ မြင့်စိုးက မော်တော် ယာဉ်ဖြင့် သယ်ဆောင်လာပြီး မောင်တောမြို့ မြို့မကညင်တန်း (အလယ်) ကျေးရွာနေ ဇော်ဝင်း(ခ) နော်ဘီမုလ်ဂျူဟာရ်ထံသို့ လာရောက်ပို့ဆောင်သည့် WY/R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၈၇၇၅၀၀၀ ကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိမှုမှ လက်ခံမည့်သူ ဇော်ဝင်း(ခ) နော်ဘီမုလ်ဂျူဟာရ် မှာ တရားခံပြေးဖြစ်နေပြီး မေ ၃၀ ရက်တွင် ၎င်း၏နေအိမ်အား အတည်ပြု စိစစ်ရှာဖွေရာ နေအိမ်မြေအောက်ခန်းအတွင်းမှ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၀၉၀၇၀၀ နှင့်အတူ ဖခင်ဖြစ်သူ ဂျူဟာရ် ဟူဆိန်းနှင့် ဇနီးဖြစ်သူ မရေခါယာဒ်ဖာတေမာ တို့ နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိသည့် ဖြစ် စဉ်နှင့် မူးယစ်ဆေးဝါး အရေအတွက်များပြား သော ဖော်ထုတ်ရရှိမှု အပါအဝင် မောင်တောမြို့ မြောက်ဘက်ခြမ်း နယ်မြေအတွင်း မူးယစ် ဆေးဝါးဖမ်းဆီးရမိ အမှုပေါင်း ၃၉ မှုနှင့် ဖမ်းဆီးရမိပမာဏမှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၂၆၆၅၇ ပြားရှိကြောင်း။
ချိတ်ဆက်ပူးပေါင်း
ဖမ်းဆီးရမိ ပါဝင်ပတ်သက်သူ တရားခံ များမှာ ဖမ်းမိတရားခံ ၄၅ ဦး၊ ပြန်လည်ခုခံ တိုက်ခိုက်သဖြင့် ပစ်ခတ်အသေ ဖမ်းဆီးရမိသူ လေးဦးနှင့် တရားခံပြေး ခြောက်ဦးတို့ဖြစ် ကြောင်း တွေ့ရှိဖမ်းဆီးရမိမှု ဖြစ်စဉ်များနှင့် စိစစ်ဖော်ထုတ်ချက်များအရ AA အကြမ်းဖက် အဖွဲ့နှင့် ARSA အကြမ်းဖက် အဖွဲ့တို့သည် ချိတ်ဆက်ပူးပေါင်း၍ တရားမဝင် မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသော အကျိုးအမြတ်များဖြင့် ၎င်းတို့အဖွဲ့ ရပ်တည် ရေးနှင့် တရားမဝင်လက်နက်ခဲယမ်းများ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပြီး ရခိုင် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြား ရေးအတွက် လက်နက်စွဲကိုင်အကြမ်းဖက်ဆောင်ရွက်မှုများ တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Crd : The Mirror Daily #Myanmar_Online_News

0 comments:

Post a Comment