Tuesday, June 2, 2020

လူမှုကွန်ရက်ပေါ်တွင် ဆရာတော်၊ သံဃာတော်များကို ရိုင်းပြစွာပုတ်ခတ်ရေးသားသူ ကျော်ဝင်းသန့်အကောင့်ပိုင်ရှင်အား အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်နှင့် ၉ လ အမိန့်ချ

ဆရာတော်၊ သံဃာတော်များကို Facebook ပေါ်တွင် ရိုင်းပြစွာ ပုတ်ခတ်ရေးသားခဲ့သူ ကျော်ဝင်းသန့်အကောင့်ပိုင်ရှင်အား ယနေ့ ဇွန်(၂)ရက် မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်တရားရုံးက အမှုနှစ်ခုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်နှင့် ၉ လကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
"ဒီအမှုမှာ တရားလိုနဲ့ လိုပြသက်သေငါးဦးကိုစစ်ဆေးခဲ့တယ်။ တရားစွဲဆို ထားတဲ့ အချက်တွေကလည်း ကိုက်ညီမှုရှိတယ်။ တရားခံကလည်း ဝန်ခံခဲ့တဲ့အတွက် တရားစွဲထားတဲ့ အမှုသုံးခုအနက် ပုဒ်မ-၂၉၄(ခ)အရ အလုပ်နှင့်ထောင်ဒဏ် သုံးလ၊ ပုဒ်မ-၂၉၅(က)အရ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့်ခြောက်လကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။"ဟု ချမ်းအေးသာစံမြို့နယ်တရားရုံးမှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောကြားခဲ့သည်။
ကျော်ဝင်းသန့်အကောင့်ပိုင်ရှင်သည် ဘာသာရေးနှင့်ပတ်သက်၍ ဆရာတော်၊ သံဃာတော်များကို ဝေဖန်ရေးသားခဲ့သည့်အတွက် မန္တလေးခရိုင် သာသနာရေး ဦးစီးဌာနမှ ဦးစီးမှူ း ဦးတင်မောင်အေးက သာသနာညိုးနွမ်းစေမှု ပုဒ်မများဖြစ်သော ပုဒ်မ-၂၉၄(ခ)၊ ၂၉၅နှင့် ပုဒ်မ-၂၉၅(က)တို့ဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆိုလျှာက်ထားခဲ့ရာ တရားရုံးက ရာဇဝတ်မှု အမှတ်- ၄၂၃/ ၂၀၂၀ဖြင့် ယနေ့လက်ခံစစ်ဆေးခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တရားရုံးမှ တရားသူကြီးက စွဲဆိုထားသော ပုဒ်မသုံးခုအနက် ပုဒ်-၂၉၄(ခ)၊ ၂၉၅(က)တို့ဖြင့်သာ ပြစ်မှုထင်ရှား သဖြင့် ပုဒ်မ-၂၉၄(ခ)အရ အလုပ်နှင့်ထောင်ဒဏ် သုံးလ၊ ပုဒ်မ-၂၉၅(က)အရ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မေ(၁၇)ရက်နေ့က ရဟန်း၊ သံဃာများ အား ဝေဖန်ရှုံ့ချစာသားများ ရေးသားခဲ့သူ Kyaw Win Thank အကောင့်ပိုင်ရှင် အမျိုးသားသည် မေလ (၁၈)ရက်တွင် မိတ္ထီလာမြို့၊ အောင်ဇေယျ ရပ်ကွက်ရှိ ကိုးနဝင်းကျောင်းတိုက်သို့ ကိုယ်တိုင်လာရောက် တောင်းပန်စဉ် လူစုလူဝေး ဖြစ်ပေါ်ခဲ့ သလို ကျောင်းနေ သံဃာတော်များကလည်း တောင်းပန်မှုကို လက်မခံခဲ့ပဲ သာသနာရေးဦးစီးဌာနအား တရားဥပဒေအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီးနောက် လုံခြုံရေး စိုးရိမ်ရသဖြင့် တာဝန်ရှိသူများက မန္တလေးမြို့၊ အိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် အမှုကို မန္တလေးမြို့၊ ချမ်းအေးသာစံတရားရုံးတွင် ပထမအကြိမ် မေ(၂၆)ရက်နေ့ ချုပ်ရီမန်ယူခဲ့ပြီး ယနေ့တွင် ရုံးထုတ်စစ်ဆေးရာ တရားခံကို ကျော်ဝင်းသန့်က ဝန်ခံခဲ့သဖြင့် အမှုနှစ်ခုအတွက် ထောင်ဒဏ် တစ်နှစ်နှင့် ကိုးလ ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment