Monday, June 8, 2020

ရန်ကုန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအသစ် ဦးရဲမင်းဦး နေပြည်တော် ဒုတိယမြို့တော်ဝန်တာဝန်ကိုပါ ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်

ရန်ကုန်တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးရဲမင်းဦးသည် လက်ရှိနေပြည်တော် ဒုမြို့ တော်ဝန်ရာထူးကိုပါ ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကာယကံရှင်ကိုယ်တိုင်က အတည်ပြုသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးရဲမင်းဦး ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်၊ ရက်စွဲပါ အမိန့်အမှတ် (၁၇/၂၀၂၀)ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၅၅ နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဝန်ကြီး ဦးရဲမင်းဦးဟာ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ NLD ပါတီရဲ့ စီးပွားရေးကော်မတီ၊ ပြန်ကြားရေးကော်မတီတွေမှာ ပါဝင်ခဲ့သူဖြစ်သည်။
လက်ရှိမှာ နေပြည်တော်စည်ပင်ဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေပြီး စည်ပင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခံထားရသူလည်း ဖြစ်သည်။
ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုကုစားရေး လုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်ကြောင်း သိရသည်။
‘‘ကျွန်တော့်အနေနဲ့ တာဝန်တစ်ခုတိုးလာတာပဲဖြစ်တယ်။ လစာ ထပ်ရလာတာမဟုတ်ဘူး’’ ဟု ဦးရဲမင်းဦးက ဆိုသည်။
ရာထူးနှစ်ခုဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း လစာတစ်ခုပဲရယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

0 comments:

Post a Comment