အနည်းဆုံး အသက် ၁၀၀ ရှိမယ်လို့ ယုံကြည်ထားရတဲ့ အီသီယိုးပီးယား အဘိုးအိုတစ်ယောက်ကတော့ ကိုရိုနာဗိုင်းရပ်စ် သက်သာပျောက်ကင်းသွားခဲ့ပါပြီ။ အဘာတီလာဟန်က အော်သိုဒေါက်ခရစ်ယာန်ဘုန်းတော်ကြီးပါ။ သူ့မိသားစုကတော့ သူ့အသက် ၁၁၄ နှစ်ရှိပြီလို့ ဆိုကြပါတယ်။ အဲဒါသာ အမှန်ဆိုရင်တော့ သူက ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဖြစ်မှာပါ။ ဒါပေမဲ့ သူ့အသက်ကို အတည်ပြုပေးနိုင်မယ့် မွေးစာရင်း မရှိပါဘူး။
အဘာတီလာဟန် နေထိုင်တဲ့ အက်ဒစ်အဘာဘာမြို့ရဲ့ ရပ်ကွက်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ၊ မရှိ ကျပန်းစစ်ဆေးမှုအရ သူ့မှာ ဗိုင်းရပ်စ် ရှိနေမှန်း တွေ့ရှိခဲ့တာပါ။ အဲဒီအတွက် ရောဂါလက္ခဏာမပြခင် သူ့ကို ဆေးရုံတင်ခဲ့ပါတယ်။ အသက် ၈၀ ကျော်အရွယ်ရှိသူတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် အထိအနာဆုံး ဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားကြတဲ့အတွက် အဘာတီလာဟန် ရောဂါသက်သာပျောက်ကင်းသွားတာ အံ့သြဘနန်းဖြစ်ရတယ်လို့ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။
အဘာတီလာဟန်ဟာ ဆေးရုံရောက်ပြီး ၄ ရက်အတွင်း အခြေအနေ ဆိုးရွားလာလို့ ဝေဒနာပြင်းထန်သူများအဆောင်ကို ရွှေ့ပြောင်းခဲ့ရပြီး သီတင်းပတ်တစ်ပတ်ကျော်ကြာအထိ အောက်ဆီဂျင်ပေးပြီး ကုသခဲ့ရပါတယ်။ သူ့ကို ဘက်တီးရီးယားပိုးသတ်ဆေးနဲ့ ရောင်ရမ်းမှုသက်သာစေတဲ့ ဒက်ဇာမက်သာဆုန်း (dexame thasone) ဆေး ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဆေးဟာ COVID-19 ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူတွေအတွက် ထိရောက်တဲ့ကုသမှုနည်းတစ်ရပ်လို့ ဆိုကြပါတယ်။ အဘာတီလာဟန်ဟာ ဆေးရုံမှာ ၁၄ ရက်ကြာ ကုသခံခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့အသက်ကို အတိအကျ ခန့်မှန်းနိုင်ခြင်းမရှိပေမဲ့ အသက် ၁၀၀ ကျော်နေတာ သေချာတယ်၊ အသက် ၁၀၉ နှစ်လောက်ရှိနေပြီလို့ ဆိုကြပါတယ်။
Ref ; Yoyarlay
0 comments:
Post a Comment