Tuesday, June 2, 2020

လူမှုကွန်ရက်ပေါ်မှနေ၍ ရဟန်းသံဃာတော်များကို ဦးတည်ကာ သံဃာတော်နှင့်လူပုဂ္ဂိုလ် ၁၃ ဦးထံမှ ကျပ်သိန်း ၃၀၀ ကျော် လိမ်လည်ထားသော ငွေလိမ်တောင်းသည့်အဖွဲ့ဖမ်းဆီးရမိ

လူမှုကွန်ရက် Facebook နဲ့ Messenger ကိုအသုံးပြု၍ မြန်မာနိုင်ငံအနှံ့အပြားရှိ ရဟန်းသံဃာတော်များကို ဦးတည်ကာ သံဃာတော်နှင့်လူပုဂ္ဂိုလ်(၁၃)ဦးဆီက ငွေလိမ်တောင်းတဲ့အဖွဲ့ကို ပုသိမ်မြို့မရဲစခန်းက မေလ ၃၀ ရက်နေ့တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ အောင်မေတ္တာလမ်းမှာနေထိုင်တဲ့ ပြည့်စုံအပါအဝင် လူ ၇ ဦးအဖွဲ့ဟာ Facebook နဲ့ Messenter ကိုအသုံးပြုပြီးတော့ မန္တလေးတိုင်းဒေသကြီး၊ ကျောင်းပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ဇီးဖြူကုန်းကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော် ဦးသောဘိတထံကနေ ငွေကျပ် ၁၅၈ သိန်း ကျော်ကို ယခုနှစ်ဆန်းပိုင်းအတွင်း လိမ်လည်တောင်းခံခဲ့မှုကြောင့် ဆရာတော် ဦးသောဘိတဟာ ကျောက်ပန်းတောင်းမြို့နယ်ကနေ ပုသိမ်မြို့ကို လာရောက်ပြီး ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး ပြည့်စုံအပါအဝင် လူ ၇ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်သည်။
အဆိုပါ တရားခံများအား ဖမ်းဆီးပြီးတဲ့နောက် စစ်ဆေးခဲ့ရာမှာ ပြည့်စုံပါ လူ ၇ ဦးအဖွဲ့အနေဖြင့် သြသုခအောင်၊ U Hla Thwin၊ Eant Hmue Kyaw စတဲ့ Facebook အကောင့်တွေအသုံးပြုပြီးတော့ ဦးသောဘိတအပါအဝင် သံဃာတော်နဲ့လူပုဂ္ဂိုလ် ၁၃ ဦးထံမှ ငွေကျပ်သိန်းပေါင်း ၃၀၉ သိန်း ၅ သောင်းကျော်ကို လိမ်လည်တောင်းခံထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ပုသိမ်မြို့မရဲစခန်းမှ သိရသည်။
အဆိုပါ အွန်လိုင်းကနေ ငွေလိမ်တောင်းယူတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူတွေကတော့ မော်လမြိုင်ကျွန်းမြို့မှ ပြည့်စုံ (၂၃ နှစ်)၊ ပုသိမ်မြို့မှ သက်ဝင်း (၂၂ နှစ်)၊ ပြည့်ဖြိုးသွယ် (၂၄ နှစ်)၊ မဇွန်ပွင့်ဖြူ (၁၉ နှစ်)၊ သာပေါင်းမြို့မှ မြင့်မြတ်အောင် (၂၀ နှစ်)၊ ရေကြည်မြို့မှ ညီညီထက်မြတ်အောင် (၂၀ နှစ်)၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ မကဗျာစိုးဝင်း (၂၁ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
လိမ်လည်သူတွေဟာ သြသုခအောင်အကောင့်ကို အသုံးပြုပြီးတော့ မိမိအနေနဲ့ ထိုင်းမှာဆေးကျောင်းတက် နေသူဖြစ်ကြောင်း၊ ပိုက်ဆံအရမ်းခက်ခဲနေလို့ မိမိကိုယ်ကိုယ် သတ်သေချင်ကြောင်း၊ မိမိကိုယ်ကို သတ်သေ ပါက မည်သည့်အကုသိုလ်ဖြစ်နိုင်ပါသလဲဟု သံဃာတော်များကို ချဉ်းကပ်မေးမြန်းကာ ငွေကြေးအကြပ် အတည်းကို ကူညီသည့်အနေဖြင့် ပိုက်ဆံချေးငှားရန် သိမ်းသွင်းပြောဆိုကာ Wave Money မှတဆင့် ငွေလွှဲတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီလိုလိမ်လည်ရာမှာ သြသုခအောင်အကောင့်ဟာ ဆေးကျောင်းသားအယောင်ဆောင်ထားပြီး U Hla Thwin အကောင့်ဟာ မိသားစုရှေ့နေအဖြစ် အယောင်ဆောင်ကာ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ငွေလိမ် တောင်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
လတ်တလော စစ်ဆေးပေါ်ပေါက်ချက်အရ ဆရာတော် ဦးသောဘိတထံက ၁၅၈ သိန်း၊ မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်မှ စာသင်ဦးဇင်းတပါးထံမှ ကျပ်သိန်း ၁၀၀ ကျော်၊ သံဃာတော်နှင့်လူပုဂ္ဂိုလ် ၁၁ ဦးထံမှ ကျပ်သိန်း ၅၀ ကျော်၊ စုစုပေါင်းငွေကျပ် ၃၀၉ သိန်း ၅ သောင်းကျော်ကို Facebook နှင့် Messenger လူမှုကွန်ရက်ကိုအသုံးပြုပြီး လိမ်လည်တောင်းခံခဲ့ထာဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
Facebook ပေါ်မှ ငွေလိမ်တောင်းသူ ပြည့်စုံပါ ၇ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ) အရ ပုသိမ်မြို့မ ရဲစခန်းမှာ ဖမ်းဆီးပြီး ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေဆက်လက်ဆောင်ရွက်နေကြောင်း သိရပါသည်။
Crd : ပုသိမ်မြို့မ ရဲစခန်း

0 comments:

Post a Comment