
အာဏာရ NLD ပါတီရဲ့ အချိန်မတိုင်ခင် ရွေးကောက်ပွဲ မဲဆွယ်တဲ့ပုံစံတွေအပေါ်ပါတီတချို့က ဝေဖန်လိုက်ပြီး ရွေးကောက်ပွဲ နိုဝင်ဘာလထဲ အဆောတလျင်မလုပ်ဖို့ တိုင်းရင်းသားပါတီတချို့က ပြောဆိုမှုများကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလထဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ကဒီရက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး၊ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ ရွေးကောက် ပွဲကို နိုဝင်ဘာထဲ အဆောတလျင်မလုပ်ဖို့နဲ့ မဲပေးသူတွေ လုံခြုံမှုရှိဖို့လည်း ချင်းဒီမိုကရေစီ အဖွဲ့ချုပ် CNLD ဥက္ကဋ္ဌ ဆလိုင်းငိုင်ဆာ့ခ်က အကြံပြုပါတယ်။
COVID-19 ရောဂါထိန်းချုပ်၊ ကန့်သတ်မှုတွေရှိနေလို့ မဲဆွယ်စည်းရုံးတဲ့ကာလ အဆင်မပြေမှာလည်း ပါတီလေးတွေက စိုးရိမ်မှုရှိပါတယ်။
အာဏာရပါတီရဲ့ လက်တလော လူမှုကွန်ရက်အသုံးပြုတာတွေ၊ မြို့နယ်ထွေအုပ်တွေရဲ့ လုပ်ဆောင်ချက်တချို့ဟာလည်း မဲဆွယ်စည်းရုံးရေး သဘောဆန်နေတယ်လို့ ပါတီငယ်တွေ နစ်နာနိုင်ကြောင်း ဆလိုင်းငိုင်ဆာ့ခ်က ပြောပါတယ်။
“ မဲဆန္ဒပေးဖို့ စိတ်ဓာတ်ထဲမှာ လုံလုံခြုံခြုံခံစားမှုရှိဖို့ လိုတယ်လေ၊ ဒါကြောင့် ကျနော့်အမြင်ကတော့ ဒီ COVID -19 ကိုထိန်းချုပ်နိုင်တဲ့ အချိန်ကတော့ ပိုကောင်းတယ်။ ဒါပေမဲ့ တအားနောက်ကျလို့လည်း မရဘူး၊ ဒါကြောင့် ဒီဇင်ဘာလ ကျင်းပရင် အကောင်းဆုံးလို့ ကျနော်ကတော့ မြင်တယ်။”
ချင်းဒီမိုကရေစီအဖွဲ့ချုပ် CNLD က ချင်း ၉ မြို့နယ်မှာဝင်ပြိုင်ဖို့ရှိပြီး ပလက်ဝမြို့နယ်ကတော့ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် မသေချာဖို့ များတယ်လို့ သူကပြောပါတယ်။ မကွေးတိုင်း၊ ပြီးတော့ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ကလေးမြို့နယ်မှာလည်း CNLD က ဝင်ပြိုင်မှာပါ။ ရခိုင်မှာတော့ ချင်းလူမျိုးတွေ များတဲ့ အမ်း၊ မြေပုံ၊ မင်းပြားမှာ နယ်မြေအခြေအနေပေါ်မူတည်ပြီး ပြိုင်ဖို့ရှိတယ်လို့ သူကပြောပါတယ်။
“ ပါတီစည်းရုံးရေးလည်း သွားမရ၊ ဆိုတော့ အနီးကပ်ကျမှ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲအ တွက် အချိန် ၂လပဲရမယ်ဆိုရင် ကျနော်တို့ အရမ်းထိခိုက်တယ်။ အခုက NLD ကပိုအားသာတာပေါ့၊ Facebook ကနေ COVID အကြောင်းနဲ့ပတ်သက်လို့ ပြောတဲ့ဟာပဲဖြစ်ဖြစ် မဲဆွယ်သလိုဖြစ်သွားတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း အစိုးရခရီးစဉ်လိုလို၊ ဘာလိုလိုနဲ့ အနည်းနဲ့အများ စည်းရုံးရေးသဘောပါတယ်။ မသိမသာ သွယ်ဝိုက်သောနည်းအားဖြင့် အာဏာရပါတီကို ပိုအားကောင်းတဲ့ပုံစံ ဖြစ်သွားတဲ့အခါကျတော့ ကျန်တဲ့ပါတီတွေ တော်တော်လေးကို အခက်အခဲပိုရှိတာပေါ့။”
မွန်ညီညွတ်ရေးပါတီကလည်း ဇွန်လ ၇ ရက်မှာ အစည်းအဝေးလုပ်ခဲ့ပြီး သူတို့ရွေးကောက်ပွဲပြင်ဆင်နေတာကို အသိပေးခဲ့ပါတယ်။ မဲဆန္ဒနယ် အတိအကျမသတ်မှတ်ရသေးပေမယ့် မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းမှာ ဝင်ပြိုင်သွားမယ်လို့ ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်လယိတမ က ပြောပါတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အာဏာရပါတီအပေါ်မှာလည် သူ့အမြင်ကို အခုလိုပြောပါတယ်။
“ သို့သော် အစိုးရလုပ်ငန်းကို လုပ်နေရင်းနဲ့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ သူတို့နောက်ထပ်ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအတွက်က အထောက်အကူပြုမှာပဲဆိုတာ ဒါဘယ်သူမှ ငြင်းလို့မရဘူးလေ။ ဒါက အာဏာရပါတီဆိုတာ ဘယ်လိုပြောပြော တပန်းသာပြီးသား၊ ဒီအပေါ်မှာ ကျနော် ဘာမှ ဝေဖန်စရာတော့ မရှိဘူးပေါ့။”
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကလည်း မြို့နယ် ၁၈ ခုမှာ ကိုယ်စားလှယ် ၆၅ယောက် ဝင်ပြိုင်သွားမယ်လို့ ဒီနေ့ ဇွန်လ ၈ရက်မှာ အသိပေးလိုက်ပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ အစိုးရက ကပ်ရောဂါရှိနေပေမဲ့လည်း ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သွားလိမ့်မယ်လို့ မြင်ကြောင်းပြောပါတယ်။
“ လုပ်လည်း လုပ်စေချင်ပါတယ်၊ ကျနော့ပါတီအနေနဲ့ကတော့။ သူတို့ လုပ်ဖြစ်အောင် လုပ်မှာပါ။ ဒီ COVID -19 တော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီ ဖြစ်နိုင်တဲ့ နည်းလမ်းတော့ သူတို့ရှာကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ COVID-19 ကြောင့် ယန္တရားအားလုံး ရပ်ဆိုင်းထားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။”
ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ဇူလိုင်လထဲ ကြေညာဖို့ရှိတယ်လို့ ပြောတာလည်းရှိပါတယ်။ ရွေးကောက် ပွဲကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း လုပ်ဆောင်မယ်လို့ ကော်မရှင်က ဇွန်လ ၄ရက်မှာ ပြောခဲ့တာပါ။ တည်ဆဲမှတ်ပုံတင်ထားတဲ့ပါတီက ၉၇ ပါတီရှိပြီး တနိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ပါတီက ၇၉ပါတီ ရှိပါတယ်။ စုစုပေါင်း ပါတီ ၉၀ ကျော်ဝင်ပြိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref ; VOA






0 comments:
Post a Comment