Sunday, January 21, 2018

ဦးသန့်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးသန့်ပြတိုက်ကို ဖွင့်လှစ်ပြသ








ဦးသန့်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကမာရွတ်မြို့နယ် အမှတ် ၃၁ ပန်းဝါလမ်း (၀င်ဒါမီယာဥယျာဉ် အိမ်ယာ) ရှိ ဦးသန့်ပြတိုက်ကို ယနေ့ (ဇန်န၀ါရီ ၂၂ ရက်) တွင် အများပြည်သူ လာရောက်ကြည့်ရှုင်ရန် ဖွင့်လှစ်ပြသထားကြောင်း သိရသည်။ ပုံမှန် ပြတိုက်ဖွင့်ရက်မှာ သောကြာ၊ စနေ၊ တနင်္ဂ​နွေများတွင် ဖွင့်လှစ်သော်လည်း ဦးသန့်၏ ၁၀၉ နှစ်ပြည့် မွေးနေ့အဖြစ် ယနေ့ နံနက် ၁၀ နာရီမှ ညနေ၅ နာရီအထိ ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။

ဦးသန့်၏ ဘ၀အကြောင်း မှတ်တမ်းရုပ်ရှင် အတိုကိုလည်း ပြသထားကြောင်း သိရသည်။ ဦးသန့်နေအိမ် သည် မူလ ၁၉၂၁ က ကိုလိုနီခေတ် အုပ်ချုပ်ရေးအရာရှိများ နေထိုင်ရန် ဆောက်လုပ်ခဲ့သည့် ၀င်ဒါမီယာ ဥယျာဉ်အိမ်ယာ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး လက်ရှိတွင် အစိုးရကပိုင်ဆိုင်ကြောင်း သိရသည်။

ဦးသန့်နေအိမ်ကို အသုံးမပြုဘဲ စွန့်ပစ်ထားသည်ကို တွေ့ရသဖြင့် ၂၀၁၂ ခုနှစ်တွင် ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာ ဦးသန့်မြင့်ဦးက ထိုစဉ်က နိုင်ငံတော်သမ္မ ဦးသိန်းစိန်ထံ စာရေးကာ ပြတိုက်နှင့် အများပြည်သူ အတွက် ပွဲလမ်းများ ကျင်းပသည့် နေရာအဖြစ် အသုံးပြုရန် ခွင့်တောင်းခဲ့ခြင်းဖြစ်ကြောင်း ဦးသန့်ပြတိုက်မှ သိရသည်။

ဦးသန့်ကို ရန်ကုန် အနောက်ဘက် မိုင် ၆၀ ခန့်ဝေးသည့် ပန်းတနော်မြို့တွင် ၁၉၀၉ ခုနှစ် ဇန်န၀ါရီ ၂၂ တွင် မွေးဖွားခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လပ်လပ်ရေးရရှိပြီးနောက် ဦးနုဝန်ကြီးချုပ် ဖြစ်လာချိန်တွင် ဦးသန့်ကို အသံလွင့်ဌာန ညွန်ကြားရေးဝန်၊ ပြန်ကြားရေးဝန်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ်၏ အတွင်းဝန်အဖြစ်လည်း ခန့်အပ်ခဲ့သည်။ ထိုရာထူးကို ထမ်းဆောင်နေချိန်တွင် ယခုပြတိုက် ဖွင့်ထားသော အိမ်ကို ဦးသန့် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန့်ပြတိုက်မှ သိရသည်။

ထို့နောက် ၁၉၅၇ ခုနှစ်တွင် ဦးသန့်ကို မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ နိုဝင်ဘာလမှ စတင်၍ သက်တမ်း နှစ်ကြိမ်ဆက် နှစ်အားဖြင့် ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၁၉၇၁ ခုနှစ်တွင် တာဝန်မှအနားယူခဲ့ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက် အသက် ၆၅ နှစ်အရွယ်တွင် နယူးယောက်ပြည်နယ် ဟာရီဆန်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

သတင်း ဓာတ်ပုံ နေမျိုးဝင်း
Eleven Media Group

0 comments:

Post a Comment