Sunday, February 18, 2018

7 Day ဂျာနယ်အား တိုင်ကြားမှုကို သတင်းမီဒီယာ နည်းဥပဒေနှင့်အညီ ပြန်လည်ပေးပို့ရန် ကောင်စီက ရဲတပ်ဖွဲ့ထံ အကြောင်းပြန်

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးအမှု ရုံးချိန်းနှင့် ပတ်သက်သည့် သတင်းဖော်ပြထားသည့် 7 Day ဂျာနယ်အား ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ တိုင်ကြားစာကို သတင်းမီဒီယာနည်းဥပဒေနှင့်အညီ (တိုင်ကြားစာပုံစံ ခ) ပြန်လည်ပေးပို့ရန် မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီက ဖေဖော်ဝါရီ ၁၆ ရက်စွဲဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းပြန်ကြားလိုက်သည်။
ကောင်စီထံ တိုင်ကြားမယ်ဆိုရင် ပုံစံ (ခ) မှာ ဖြည့်စွက်ပြီးမှ တင်ပြရမယ်လို့ တရားဝင်သတ်မှတ်ထားတယ်။ တိုင်ကြားခံရသူဘက်ကိုတော့ လတ်တလော ဘာမှမဆက်သွယ်ဖြစ်သေးဘူး။ ကောင်စီ ဒုဥက္ကဋ္ဌ ရွေးချယ် ပွဲလုပ်နေတာမို့ တနင်္လာနေ့မှ ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်စီဘက်က ညှိနှိုင်းဆွေးနွေးဖြစ်မယ်ထင်တယ်”ဟု သတင်းမီဒီယာကောင်စီမှ တွဲဘက်အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ဇန်နဝါရီ ၂၃ ရက် ပြုလုပ်သော ရိုက်တာသတင်းထောက်နှစ်ဦး အမှုရုံးချိန်းတွင် တရားလိုဖြစ်သူ ဒုတိယရဲမှူးကြီး ယုနိုင်၏ ရုံးတော်ရှေ့ ထွက်ဆိုချက်အတိုင်း ရေးသားဖော်ပြခြင်းမရှိဘဲ သတင်းရေးသူ၏ ထင်မြင်ယူဆချက်၊ အာဘော်အတိုင်း ရေးသားထားသည်ဟု ဆိုကာ 7 Day ဂျာနယ်ကို အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ကိုယ်စား ဒုတိယရဲမှူးကြီး မြင့်ထွေးက လက်မှတ်ရေးထိုးထားသည့် တိုင်ကြားစာကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားစာတွင် ဇန်နဝါရီ ၂၃ ရက် ရုံးချိန်း တရားခွင်တွင် တရားလို ဒုတိယရဲမှူးကြီး ယုနိုင်က ရိုက်တာသတင်းထောက်နှစ်ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်စွဲပါ စာအမှတ် ၁၀၂ (၁)/ ၈/ သမ္မတရုံးမှ (ပုံ) မြင့်ဆွေ ခေတ္တ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမိန့်အရသမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ကျော်ကျော်ဟန်က လက်မှတ်ရေးထိုး၍ ၎င်း၏အမည်ဖြင့် ယင်းအမှုကို တရားစွဲဆိုနိုင်ရန် အခွင့်အာဏာပေး အပ်ခဲ့ကြောင်း ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သော်လည်း 7 Day ဂျာနယ်တွင် ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် တရားစွဲဆိုရန် အဆိုပါရက်ပိုင်းတွင် ခေတ္တသမ္မတအဖြစ် တာဝန် ထမ်းဆောင်နေသော ဒုသမ္မတ (၁) ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ယုနိုင်ကတရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ရေးသားထားကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ယင်းအပြင် တရားလို၏ ရုံးတော်ရှေ့ ထွက်ဆိုချက်များ ရေးသားဖော်ပြရာတွင် အချို့အကြောင်းအရာများမှာ ကွဲလွဲနေမှုများရှိခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားပြီး ယခုအမှုနှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအပ်နှင်း၍ တရားလိုပြုလုပ်ရသည်ဟု သဘောမသက်ရောက်ဘဲ ဒုသမ္မတ (၁) ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုခဲ့ရသည်ဟု စာရေးသူ၏ ထင်မြင်ချက် အာဘော်အတိုင်း ဖော်ပြရေးသားခြင်းကြောင့် နိုင်ငံတော်အကြီးအကဲနှင့် ရဲတပ်ဖွဲ့အပေါ် ထင်မြင်လွဲမှားမှုများ ရှိစေနိုင်သည့် အပြင် ဂုဏ်သိက္ခာထိခိုက်သော အရေးအသားမျိုး ဖော်ပြခဲ့သဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဆ) အရ ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသဖြင့် 7 Day ဂျာနယ်မှ တာဝန်ရှိသူကို အရေးယူပေးပါရန် သတင်းမီဒီ ယာကောင်စီထံသို့ တိုင်ကြားစာပေးပို့ခဲ့သည်။

ယင်းတိုင်ကြားစာနှင့် ပတ်သက်၍ 7 Day ဂျာနယ်အယ်ဒီတာချုပ် ကိုအားမာန်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော်တို့ဘက်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနက ဖြစ်ဖြစ်၊ စာနယ်ဇင်းကောင်စီကတစ်ဆင့် ဖြစ်ဖြစ် တရားဝင် အကြောင်းကြားလာမှ ဘယ်လိုဖြေရှင်းမလဲဆိုတာ အယ်ဒီတာအဖွဲ့ တိုင်ပင်ဆုံးဖြတ်မှာပါ။ အွန်လိုင်းမှာ ပျံနေတဲ့တိုင်စာပါ အချက်အလက်တွေအရဆိုရင် အဲဒီသတင်းမှာ ကျွန်တော်တို့ ထင်မြင်ယူဆ ချက်တွေထည့်ရေးပြီး၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကို အထင်မြင်လွဲအောင် ရေးထား တာမျိုး လုံးဝမရှိဘူးလို့ ပြောနိုင်ပါတယ်။ သတင်းတွေမှာ ထင်မြင်ယူဆချက်ကို ထည့်မရေးပါဘူး။ အချက်အ လက်ကိုပဲ အခြေခံရေးတာ ကျွန်တော်တို့ရဲ့မူပါ။ အဲသတင်းမှာလည်း အလားတူပါပဲ”ဟု ပြန်လည်ဖြေကြား သည်။

မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဇေယျာလှိုင်က “သတင်းစာ ပညာအရဆိုရင် အစိုးရထုတ်ပြန်ချက်ကို ကျွန်တော်တို့တွေက ဤသည်မရွေးရေးသားဖော်ပြရမယ်လို့ မပါဘူးဗျ။ အချက်အလက်မမှားယွင်းအောင် ရေးသားဖို့ပဲ ပါတယ်။ နှစ်ပေါင်း ၅၀ လောက် အစိုးရသတင်းမီဒီယာတွေက ကြီးစိုးလာခဲ့တော့ ထုတ်ပြန် ချက်တွေအတိုင်း သတင်းမှာ တိကျမှုတွေ တစ်ထပ်တည်းရှိနေရမယ်လို့ အယူလွဲခဲ့တာတွေလည်း ရှိခဲ့တယ်။ အဓိကသတင်းအချက်အလက် မမှားဖို့ပဲ လိုတယ်။ အချက်အလက်အရ သူ့ဆိုလိုရင်းကို မမှားယွင်းဘူးဆိုရင် သတင်းစာပညာအရ ပြဿနာမရှိဘူး။ ဆိုလိုရင်းရဲ့ အနက်အဓိပ္ပါယ်ကို လွဲသွားပြီဆိုရင်တော့ သတင်းဌာန ဘက်က တာဝန်ယူရလိမ့်မယ်”ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

The Voice

0 comments:

Post a Comment