Saturday, February 17, 2018

ရခိုင်အမျိုးသားပါတီ၏ ညီလာခံကို ယခုနှစ်တွင် ကျင်းပမည်မဟုတ်


ရခိုင်အမျိုးသားပါတီ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၈ ခုနှစ် အစောပိုင်းကာလတွင် ကျင်းပရန် စီစဉ် ခဲ့သော်လည်း နိုင်ငံရေး အကြပ်တည်းတချို့ ရှိနေသေးသောကြောင့် ယခုနှစ်တွင် ကျင်းပဖြစ်တော့မည် မဟုတ်ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက RiA သို့ ပြောသည်။
“ပါတီ ညီလာခံကတော့ လောလောစဉ်မရှိသေးဘူး။ နောက်နှစ်လောက်မှာပဲ ကျင်းပဖို့ဆိုပြီး မှန်းထားတယ်။ ဒီနှစ်ထဲမှာတော့ မဖြစ်နိုင်။ နောက်နှစ်မှ ဖြစ်ဖို့များတယ်။ ကျနော်တို့မှာလဲ နိုင်ငံရေး အကြပ်တည်းတွေ ရှိနေသေးလို့။”

ပါတီ၏ ဖွဲ့စည်းပုံအရ ညီလာခံကို ၅ နှစ်လျှင် တစ်ကြိမ် ကျင်းပရမည်ဟု သတ်မှတ်ထားသော်လည်း ပါတီအ တွင်း တည်ငြိမ်မှု မရှိသဖြင့် ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာအတွင်းက ကျင်းပသည့် ဗဟိုကော်မတီဝင်များ မျက်နှာစုံညီ တံခါးပိတ်အစည်းဝေး၌ ဆုံးဖြတ်ခဲ့ကြ သည်။

ယင်းနောက် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်မြောက်ပိုင်းဒေသမှာ ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင် ဆူပူမှု များကြောင့် ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းသို့ ထပ်မံရွေ့ပြောင်းရန် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင် ကော်မတီ မျက်နှာစုံညီအစည်းဝေးမှာ ထပ်မံသဘောညီမှု ရယူခဲ့ကြသည်။

လက်ရှိမှာ ပါတီဗဟိုဥက္ကဌ ဒေါက်တာဦးအေးမောင်ကို ပါတီက နုတ်ထွက်ခွင့်ပြု မပြု ပြန်လည် သုံးသပ်နေ သည့် ကာလလည်း ဖြစ်သည့်အပြင် ဒေါက်တာ ဦးအေးမောင်မှာ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မဖြင့် စစ်တွေ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည်။

ယင်းသို့ ANP ပါတီ ညီလာခံကို ယခုနှစ်တွင် မကျင်းပဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍ ပါတီတွင်း တရားဝင် ထုတ်ပြန် ကြေညာနိုင်ရန် ပါတီဝင်များ အားလုံးနှင့် ဆွေးနွေးတိုင်ပင်ရန် အစည်းဝေး ခေါ်ယူသွားမည် ဖြစ်ကြောင်းလည်း ဦးခိုင်ပြည်စိုးက ဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ပထမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ်က သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

နောင်နောင်/ RiA ၊

0 comments:

Post a Comment