Monday, August 20, 2018

ရိုက်တာသတင်းထောက်နှစ်ဦးအမှု ဩဂုတ်လ ၂၇ ရက်တွင် အပြီးသတ် အမိန့်ချမည်


နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏အမှုကို ဩဂုတ်လ ၂၇ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
အမှုနှင့်ပတ်သက်၍ တရားရုံးတွင် ကိုးလကြာ စစ်ဆေးပြီးနောက် ဩဂုတ်လ ၂၀ ရက်က မြောက်ပိုင်းခရိုင် တရားရုံးထုတ်တွင် အဆိုပါ အပြီးသတ် အမိန့်ချမည့်ရက်ကို အသိပေးခဲ့ခြင်းဖြစ်သည်။

ယင်းနေ့သည် မြန်မာနိုင်ငံသတင်း မီဒီယာကဏ္ဍအတွက် သမိုင်းဝင်မည့် တရားရုံး ဆုံးဖြတ်ချက်အမိန့်ဖြစ်မည်ဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံးက ပြောကြားသည်။

“ရုံးတော်က ဆုံးဖြတ်မယ့်အနေအထားမှာ ကျွန်တော်တို့ ယုံကြည်တယ်။ ဒီမိုကရေစီ တရားမျှတမှုနဲ့ သတင်းလွတ်လပ်ခွင့်ပေါ်မူတည်ပြီး ကျွန်တော်တို့မှာ အပြစ်မရှိကြောင်း မျှမျှတတ ဆုံးဖြတ်ပြီး ကျွန်တော်တို့ကို လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်တယ်”ဟု ၎င်းကဆိုသည်။ 

ယင်းအပြင် ရိုက်တာသတင်းထောက် ကျော်စိုးဦးကလည်း ဩဂုတ်လ ၂၇ ရက်တွင် ချမှတ်မည့် အပြီးသတ်အမိန့်တွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် သတင်းမီဒီယာလောကအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ယနေ့ရုံးချိန်းတွင် တရားခံဘက်က အပြစ်မရှိကြောင်းနှင့် တရားသေလွှတ်ပေးရန် အပြီးသတ် လျှောက်လဲခဲ့ကြောင်း သတင်းထောက်နှစ်ဦးရှေ့နေ့ ဦးခင်မောင်ဇော်က ပြောကြားသည်။

“သတင်းထောက်နှစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းတယ်ဆိုတာကို ဒုရဲမှူးမိုးရန်နိုင်ကလည်း ထွက်ဆိုထားတယ်။ တခြားသက်သေတွေကလည်း ထွက်ဆိုချက်တွေ ကွဲလွဲတယ်။ ကျွန်တော့်လူတွေကို ကျွန်တော် ယုံကြည်တယ်။ အပြစ်များ ပေးခဲ့သော် သက်ညှာတဲ့ ပြစ်ဒဏ်ပေးဖို့၊ ချုပ်ရက် ၉ လရှိပြီး တကယ်လို့ အပြစ်ရှိရင်လည်း အဲဒါကိုပေးဖို့ကို တောင်းဆိုတယ်”ဟု ၎င်းကဆိုသည်။

သတင်းထောက်နှစ်ဦးအတွက် အပြစ်မရှိကြောင်း စာမျက်နှာ ၂၇ မျက်နှာပါ လျှောက်လဲချက်ကို ရုံးတော်ကိုတင်ပြခဲ့ပြီး တရားလိုဘက်က သတင်းထောက် နှစ်ဦးတွင် အပြစ်ရှိသည်ဆိုသော အချက် ၉ ချက်ကို တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရိုက်တာသတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံ ရေးရဲတပ်ဖွဲ့အစီရင်ခံစာမိတ္တူအချို့ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ထောက်ကြန့်နယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment