Friday, September 28, 2018

ဆွမ်ပရာဘွမ်မြို့နယ် ၂၄ နာရီ လျှပ်စစ်မီးလင်းရေး ကချင်ပြည်နယ်လွှတ်တော်၌ တိုက်တွန်း


ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှာ ၂၄ နာရီ လျှပ်စစ်မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ အစိုးရကို တိုက်တွန်းကြောင်း ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က တင်သွင်းလိုက်ပါတယ်။ 
အဆိုတင်သွင်းတဲ့ ဒေါ်ဂျေထုရော်က “ခုလို အဆိုတင်သွင်းရတာဟာ ဆွမ်ပရာဘွမ်မြို့နယ်အတွက်တော့ ရေအားလျှပ်စစ်လုပ်ရင် တမြို့နယ်လုံးလည်း မီးရမယ်၊ နောက်ပြီးမှ ၂၄ နာရီ မီးရတော့ ကျောင်းသူကျောင်းသားတွေ၊ ပြည်သူတွေအတွက် များစွာ အကျိုးရှိမယ်၊ မီးမရှိတော့ အခက်အခဲကြုံရတာတွေ ရှိတယ်” လို့ ပြောပါတယ်။ 

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တက်ဘာ ၂၈ ရက်နေ့က ကျင်းပရာမှာ ကြယ်ပွင့်ပြမေးခွန်း ၁၃ ခုနဲ့ အဆိုတွေကို ဆွေးနွေးခဲ့တာပါ။ 

ကြယ်ပွင့်ပြမေးခွန်းတွေထဲမှာတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက မေးခွန်း ၃ ခု၊ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနက မေးခွန်း ၅ ခု၊ လူမှုရေးဝန်ကြီးဌာနက မေးခွန်း ၅ ခု ပါဝင်ပါတယ်။ 

ဒါ့အပြင် ဥပဒေကြမ်းအနေနဲ့ ကချင်ပြည်နယ်ရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပါတယ်။ 

ဒီကနေ့ကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးနဲ့ လေ့လာသူ ၃၂ ဦး တက်ရောက်ခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment