Friday, September 28, 2018

ရွှေဘုံသာလမ်းရှိ ပြင်ပရွှေနှင့်ဒေါ်လာအရောင်းအ၀ယ်ဈေးကွက် အကန့်အသတ်မရှိ ပိတ်ထား



ရွှေနှင့် ဒေါ်လာများကို အရောင်းအ၀ယ်ပြုလုပ်နေသည့် ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ပြင်ပဈေးကွက်ကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း အဆိုပါလမ်းအတွင်းရှိ အရောင်းအ၀ယ် ပြုလုပ်သူ တချို့က ပြောသည်။ 
ဈေးကွက်ပိတ်ထားသည်မှာ စက်တင်ဘာ ၂၄ ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးရေးမှ တရားမ၀င် ဒေါ်လာ ရောင်းဝယ်နေသူများကို ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှစ၍ စက်တင်လာလ ၂၈ ရက်နေ့အထိ ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ 

"လက်ရှိဈေးကွက်အခြေအနေက ၀ယ်လို့မရရောင်းလို့မရ အဲဒီလိုအခြေအနေဖြစ်နေတယ်။ ပိတ်ထားတဲ့ သဘောဖြစ်နေတယ်။ ဒေါ်လာဈေးဆိုစုံစမ်းလို့တောင်မရဘူး။ ဘယ်မှာသွားစုံစမ်းရမလဲတောင်မသိဘူး" ဟု ရွှေဘုံသာအလယ်လမ်းမှ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ 

ထို့အပြင် ရွှေဈေးကွက်မှာ ရောင်းချသူနှင့် ၀ယ်ယူသူမရှိသလောက်ဖြစ်နေ၍ ပိတ်လိုက်ရသည်ဟု ပြော၍ ရကြောင်း ၄င်းကဆက်ပြောသည်။ သို့သော်လည်း ရွှေဘုံသာလမ်းအတွင်းတွင် အရောင်းအ၀ယ်ပွဲစားများ ရှိနေပြီး တိတ်တဆိတ် ရောင်းဝယ် လှုပ်ရှားမှုတချို့လည်း ရှိနေကြောင်း စုံစမ်းသိရသည်။ 

" Opertation တစ်ခုဝင်လို့ပေါ့ ဒီလိုဖြစ်ပြီးပိတ်သွားတယ်။ ဒါပေမယ့် အပြင်ဈေးကွက်မှာတော့လုပ်နေကြတယ်။ ဆိုပါတော့ တခြား Money Changer တို့ဘာတို့ပေါ့။ ဒီဈေးကွက်တစ်ခုပဲပိတ်တယ်" ဟု ရွှေရောင်းဝယ်ရေး လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောပြသည်။ 

အမေရိကန်ဒေါ်လာဈေးမှာ စက်တင်ဘာလ ၂၁ ရက်နေ့၌ တစ်ဒေါ်လာလျှင် ၁၆၀၀ ကျပ်ဝန်းကျင်ဖြင့် စံချိန်တင် မြင့်တက်ခဲ့ရပြီး နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ တရားမ၀င်ဒေါ်လာဈေးကွက်ကို စစ်ဆေးကာ ဈေးနှုန်းမြင့်တက်မှုကို ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၄င်းနောက် စက်တင် ဘာလ ၂၄ ရက်နေ့တွင် ရွှေဘုံသာလမ်းအတွင်းရှိ တရားမ၀င်ဒေါ်လာရောင်းဝယ်နေသူ ဆယ်ဂဏန်းခန့်ကို အထူးစုံစမ်းစစ်ဆေးရေးမှ ဖမ်းဆီးခဲ့သည်။ 

ထိုစဉ်မှစ၍ အမေရိကန်ဒေါ်လာဈေးနှုန်း ၁၆၀၀ ကျပ်အောက်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့၌ ပုဂ္ဂလိကဘဏ်များတွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၅၁၀ ကျပ်မှ ၁၅၃၀ ကျပ်ဝန်းကျင် နှင့် ရောင်းဈေး ၁၅၄၀ ကျပ်မှ ၁၅၆၀ ကျပ် ၀န်းကျင်ရှိနေသည်။ 

ရွှေဈေးနှုန်းများမှာလည်း စက်တင်ဘာလ ၂၀ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၀၅၀,၀၀၀ ကျပ် နှင့် ၁၅ပဲရည် တစ်ကျပ်သား ၉၈၈,၂၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်မှုရှိခဲ့သည်။ ရွှေလုပ်ငန်းရှင်များ အသင်း အနေဖြင့် ဈေးနှုန်းလျော့ကျစေရန်အတွက် လေရောင်းလေ၀ယ်လုပ်မှု၊ မီတာနှင့်ရောင်းဝယ်မှု၊ ကြိုရောင်း ၀ယ်မှုတို့ကိုမပြုလုပ်စေရန် မေတ္တာရပ်ခံသတိပေးထားခဲ့ပြီး လက်ရှိ စက်တင်ဘာ ၂၈ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သား ၉၇၅,၀၀၀ ကျပ်နှင့် ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၉၂၂,၄၀၀ ကျပ်သို့ ပြန်လည်ကျဆင်း လာခဲ့သည်။


မျိုးပြည့်သင်း၊ ရဲနိုင်(လောက်ကိုင်) 
မဇ္ဈိမ

0 comments:

Post a Comment