Friday, September 28, 2018

ကုလသမဂ္ဂတွင် ဝိုင်းရယ်ခံရခြင်း မဟုတ်ကြောင်း ဒေါ်နယ်ထရမ့် ငြင်းဆန်


ကုလသမဂ္ဂတွင် ကမ္ဘာ့သံတမန် အသိုင်းအဝိုင်းရှေ့၌ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောစဉ် ၎င်း၏ အစိုးရအောင်မြင်ချက်များကို သာသာထိုးထိုးပြောဆိုနေစဉ် ဝိုင်းရယ်ကြခြင်းမဟုတ်ကြောင်း၊ သံတမန်များမှာ ပျော်နေကြခြင်းသာဖြစ်ပါကြောင်း အမေရိကန်သမ္မတက မီဒီယာများကို ပြောကြားခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ 
“ကျွန်တော်တို့ ပျော်ရွှင်နေကြတာပါ”ဟု ၎င်းက သတင်းထောက်များနှင့် နယူးယောက်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

“သူတို့က ကျွန်တော့်ကိုရယ်ကြတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့အတူ ရယ်နေကြတာပါ”ဟု ၎င်းက ဆိုသည်။ လူတွေအတွက် ပျော်ရွှင်စရာအချိန် ဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကုလသမဂ္ဂနှစ်စဉ် အထွေထွေညီလာခံတွင် ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားစဉ် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ထရမ့်၏မိန့်ခွန်းသည် မဲဆွယ်မိန့်ခွန်းနှင့် ပို၍တူနေသည်ဟု သုံးသပ်ကြသည်။ 

“ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော့်အစိုးရဟာ အမေရိကန်သမိုင်းက ဘယ်အစိုးရလက်ထက်မဆိုထက် ပိုပြီးအောင်မြင်ခဲ့ပါတယ်”ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ 

အထွေထွေညီလာခံတက်လာသော ကမ္ဘာ့ခေါင်းဆောင်များက တခစ်ခစ်ဖြင့် ရယ်ကြသည်။ 

ပြင်ဆင်ထားသော မိန့်ခွန်းကိုပြောကြားရင်း အမေရိကန်အစိုးရ ကောင်းကြောင်းများပြောပြီး “မှန်လိုက်လေဗျာ”ဟု ဝင်ပြောခဲ့ရာ ရယ်သံများ အုန်းအုန်းထသွားခဲ့သည်။ 

ထရမ့်က ပြုံးရယ်လိုက်ပြီး “အဲသလို တုံ့ပြန်မယ်လို့တော့ ဘယ်ထင်မလဲ။ ဒါပေမဲ့ အဆင်ပြေပါတယ်”ဟု အရွှန်းဖောက်လိုက်ပြန်သည်။ 

ထရမ့်ကို တစ်ကမ္ဘာလုံးကဝိုင်းရယ်ကြသည်ဟု သတင်းခေါင်းများတက်လာပြီး ထရမ့်ကမူ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး မဖြစ်သည့် ပရိသတ်ကို ချိတ်ဆက်ပြောကြားခဲ့ခြင်းဟု ဆိုသည်။ 

The Voice 

0 comments:

Post a Comment