Tuesday, May 28, 2019

ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ဖမ်းဆီးအရေးယူမည်


မဘသ ဆရာတော် ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အရေးယူဖို့ သတင်းတွေထွက်ပေါ်နေပြီး ဖမ်းဝရမ်းရောက်မလာသေးပေမယ့် ရဲတပ်ဖွဲ့အနေနဲ့တော့ ဖမ်းဆီးဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ရဲမှူးကြီးတဦးက ဒီဗွီဘီကိုအတည်ပြုပြောပါတယ်။ 
ဦးဝီရသူကို ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီး အရေးယူဖို့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလို ပြုလုပ်တိုင်ကြားထားတယ်လို့ ကနေဦးသတင်းရရှိပါတယ်။ 

လက်ရှိမှာတော့ မန္တလေးက ဦးဝီရသူသီတင်းသုံးရာ မစိုးရိမ်တိုက်သစ် ဓမ္မသာရ ကျောင်းတိုက်ထဲမှာတော့ ရှိမနေဘူးလို့လည်း သိရပါတယ်။ 

မကြာသေးခင်က မြိတ်မြို့နဲ့ ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးနဲ့ ပုဒ်မ ၂၁၆ အမြန်ဆုံးအတည်ပြုနိုင်ရေး လူထုထောက်ခံပွဲမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ လက်ရှိအစိုးရရဲ့ ဂုဏ်သိက္ခာထိပါး စေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ 

ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ကလည်း ရန်ကုန်မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ဟောပြောခဲ့တဲ့ဦးဝီရသူကို နောက်နောင် အလားတူ လူမှုရေး ကိစ္စတွေမှာပါဝင်ဆောင်ရွက်ခြင်းမပြုလုပ်ဖို့ မေလ ၃၀ ရက်နေ့မှာ သြ၀ါဒပေးဖို့ ခေါ်ယူ ထားပါတယ်။

DVB

0 comments:

Post a Comment