Sunday, June 2, 2019

ဓမ္မစက်ဖြင့် သြ၀ါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူခြင်းကိုခံယူမည်ဟု ဦးဝီရသူ မိန့်ကြား


ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဆရာတော်ကြီး၏ သြ၀ါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူမည့်ကိစ္စကို ဆက်လက်ရင်ဆိုင်သွားမည်ဟု အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက မေ ၃၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ Video ဖိုင်တစ်ဖိုင် လွှင့်တင်၍ မိန့်ကြားခဲ့သည်။ 
ဆရာတော်ဦးဝီရသူ၏ မေ ၃၀ ရက်ညပိုင်း Video ဖိုင်ဖြင့် မိန့်ကြားခြင်းနှင့်အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးထံနှင့် တိုင်းဒေသကြီး သာသနာရေးမှူးထံပေးပို့သည့် စာတစ်စောင်လည်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေပြီး ယင်းစာတွင်လည်း ''ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်ဘုရား။ ဆရာတော်ကြီးများ၏ ဓမ္မစက်ကို ကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့်အရေးယူမှု ကိုမျှ ဆရာတော်ကြီးများ၏ ရှေ့မှောက်မှာ လက်ခံမည်မဟုတ်ပါဘုရား။ 
ဆရာတော်ကြီးများ၏ အဆုံးအမခံယူပြီးနောက်ပိုင်းမှာမှ ဘုရားတပည့်တော်ကိုယ်တိုင်သွားရောက်ရင်ဆိုင်မည် ဖြစ်ပါသည် ဘုရား'' ဟု လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် စာတွင် ပါရှိသည်။ 
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က မေ ၃၀ ရက်တွင် သြ၀ါဒပေးရန်ဆင့်ခေါ်ထားမှုကြောင့် ရန်ကုန်ကို လာရောက်ခဲ့သော်လည်း အစီအစဉ် ဆိုင်းငံ့သွားသည်ကို သိရှိရကြောင်း၊သို့သော် ရက်ရွှေ့ကြောင်း ကြေညာချက်ကို အွန်လိုင်းတွင်သာတွေ့ရှိရပြီး ဆင့်ခေါ်စာကဲ့သို့ ကာယကံရှင် ဘုရားတပည့်တော်ထံ မရောက်ခဲ့ကြောင်း၊ယင်းဆိုင်းငံ့ကြောင်း အကြောင်းကြားသည့်စာတွင် ထပ်မံ၍ သြ၀ါဒပေးမည့်ရက်ကိုအသိပေးအကြောင်းကြားမည်ဟု ပါရှိသောကြောင့် စောင့်မျှော်နေသည်ဟု ယင်းစာတွင်ပါရှိသည်။ 
''အာဏာပိုင်များ ယုံကြည်စိတ်ချရလေအောင် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ရဲအရာရှိ နှစ်ဦးကို ဘုရားတပည့်တော်၏ ကားပေါ်တင်ခေါ်သွားပါမည်။ လူသူပရိသတ်ရှင်းလင်းသည့်အချိန်ရောက်မှ ၎င်းရဲအရာရှိများ၏ အစီအစဉ်ဖြင့် လိုက်ပါသွားမည်ဖြစ်ပါသည်ဘုရား''ဟု ဦးဝီရသူက မိန့်ဆိုထားသည်။ 
ဆရာတော်ဦးဝီရသူကို အရေးယူပေးရန် ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ အနောက်ပိုင်းခရိုင်တရားရုံးသို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၁၂၄(က)ဖြင့် ဦးတိုက်လျှောက်ထား တရားစွဲဆိုထားပြီး လက်ရှိတွင် ဖမ်းဝရမ်းထုတ်ထားခံရသည်။ 
သတင်း - ရဲထက်ကျော်
The Standard Time Daily 

0 comments:

Post a Comment