Sunday, June 2, 2019

ဓားထိုးတိုက်ခိုက်ခံရမှုတွင် ကွယ်လွန်သွားခဲ့သူ၏ ကျန်ရစ်သူ ဇနီးသည်ထံသို့ ဒေါ်အောင်ဆန်းစုကြည် နှစ်သိမ့်စာပေးပို့


မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံတွင် ဓားထိုးတိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး အရာရှိဖြစ်သူ၏ ကျန်ရစ်သူ ဇနီးသည်ထံသို့ နှစ်သိမ့်စာတစ်စောင် ပေးပို့လိုက်ကြောင်း Kyodo News က ဖော်ပြထားသည်။ 
ဓားထိုးတိုက်ခိုက်မှုဖြစ်စဉ်သည် ဂျပန်နိုင်ငံ ကာဝါဆာကီမြို့တွင် လွန်ခဲ့သည့်အင်္ဂါနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကျောင်းသား ၁၆ ဦးနှင့် ကျောင်းသားမိဘ နှစ်ဦး ဓားထိုးခံခဲ့ရကာ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ 
အသက်ဆုံးရှုံးသွားခဲ့သူ နှစ်ဦးသည် ကျောင်းသူမိန်းကလေးတစ်ဦးနှင့် ကျောင်းသားမိဘ အမျိုးသားတစ်ဦးဖြစ်ကာ ကျေင်းသားမိဘဖြစ်သူမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသော ဆာတိုရှိ အိုယားမားဖြစ်သည်။ 
အိုယားမားသည် ၂၀၁၃ ခုနှစ် ဧပြီလက ဂျပန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လိုအပ်သည်များကို အစစအရာရာ လိုက်ပါကူညီပေးခဲ့သူဖြစ်ပြီး ၎င်းမှာ မြန်မာဘာသာစကားကို အထူးကျွမ်းကျင်သည့် ဂျပန်လူမျိုးတစ်ဦးလည်းဖြစ်သည်။ 
မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းတိုက်ခိုက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာတွင် အိုယားမား၏ ဇနီးသည်ထံသို့ နှစ်သိမ့်စာ ရေးသားပေးပို့လိုက်ခြင်းဖြစ်ပြီး နှစ်သိမ့်စာမှာ ဗုဒ္ဓဟူးနေ့ ရက်စွဲဖြင့် ရောက်ရှိလာခဲ့ကြောင်းကို Kyodo News သတင်းဌာနကလည်း အတည်ပြုထားပြီဖြစ်သည်။ 
နှစ်သိမ့်စာတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုသတင်းကို ကြားသိလိုက်ရချိန်တွင် လွန်စွာတုန်လှုပ်သွားခဲ့ပြီး ၀မ်းနည်းစိတ်ထိခိုက်ခဲ့ရကြောင်း၊ အိုယားမားမှာ ဘာသာဗေဒပညာရှင်တစ်ယောက်အဖြစ် လေးစားဖွယ်ရာကောင်းသည့်အပြင် နူးညံ့သိမ်မွေ့ပြီး လွန်စွာ ခင်မင်ဖွယ်ကောင်းသူဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေနှင့် ကောင်းမွန်သော သံတမန်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်ကြောင်း၊ အိုယားမားမှာ မိမိတို့နိုင်ငံများနှင့် ဂျပန်အကြား အဖိုးထိုက်တန်သော ရင်းနှီးဆက်ဆံရေးများဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

The Voice

0 comments:

Post a Comment