Monday, June 3, 2019

“ဝ” တပ်ဖွဲ့ စစ်ရေးပြအခမ်းအနား မလုပ်သင့်၊ သည်းခံမှု အတိုင်းအတာရှိဟု တပ်မတော် ပြော


ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင်ကျင်းပခဲ့သော UWSA “ဝ” လက်နက်ကိုင်အဖွဲ့၏ နှစ် ၃၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ တပ်မတော်နှင့်အပြိုင်သဘောမျိုး ဖြစ်နေသောကြောင့် မလုပ်သင့်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်များက ပြောကြားလိုက်သည်။ 
တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဇွန်လ ၂ ရက်နေ့က ပြုလုပ်သည့် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲအပြီးတွင် အထက်ပါအတိုင်း မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 
“စစ်ရေးပြ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် “ဝ” အနေနဲ့က စင်ပြိုင်အစိုးရသဘောမျိုး၊ စင်ပြိုင် တပ်မတော် ပုံစံမျိုး ဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီအခမ်းအနားကို တပ်မတော်အနေနဲ့ တက်ရောက်ခြင်းမရှိပါဘူး။ ဒါသည်ပင်လျှင် တပ်မတော်အနေနဲ့ အဆုံးစွန်သည်းခံထားတဲ့ အနေအထားဖြစ်တယ်လို့ ဖြေကြားချင်ပါတယ်”ဟု တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။ 
“ဝ” တပ်ဖွဲ့နှင့် ပတ်သက်၍ သတင်းမီဒီယာများက ထပ်မံမေးမြန်းရာတွင်လည်း ဗိုလ်ချုပ်စိုးနိုင်ဦးက “ကျွန်တော်တို့အနေနဲ့ “ဝ” နဲ့ပတ်သက်ပြီး အစွမ်းကုန် သည်းခံထားပြီးဖြစ်တယ်လို့ ဖြေထားပြီး ဖြစ်ပါတယ်။ ငြိမ်နေတာမဟုတ်ဘူး။ သွားလည်း မတက်ဘူး။ တပ်မတော်က ငြိမ်းချမ်းရေးလိုချင်လို့ အစွမ်းကုန် သည်းခံနေတာ”ဟု ဖြေဆိုပြီး ဒုတိယဉက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “မြန်မာစကားမှာ ရှိတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာ တစ်ခုရှိတာပေါ့ဗျာ”ဟု ဖြေဆို သွားသည်။ 
“ကျွန်တော်တို့ တပ်မတော် အနေနဲ့က “ဝ” နဲ့ ပတ်သက်ပြီး အစွမ်းကုန် သည်းခံထားပြီးဖြစ်တယ်”ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားသည်။ 
ယင်းသို့ သည်းခံခြင်းသည် အတိုင်းအတာတစ်ခု အထိသာရှိကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ဖြည့်စွက်ပြောဆိုသည်။ 
“ဝ” တပ်ဖွဲ့အနေနှင့် NCA လမ်းကြောင်းမှ တစ်ဆင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC က ပြောကြားထားပြီး ဖြစ်သောကြောင့် တပ်မတော်အနေနှင့် အဆိုပါသဘောထားနှင့် အညီရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ပြောသည်။ 
“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ကျင်းပခဲ့ရာ စစ်ရေးပြ အခမ်းအနားတွင် “ဝ” တပ်ဖွဲ့က လေယာဉ် ပစ်လက်နက်များအပါအဝင် နောက်ဆုံးပေါ် လက်နက်များကိုပါ ထည့်သွင်းပြသခဲ့သည်။ 
၂၀၀၈ အခြေခံဥပဒေပုဒ်မ ၃၃၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုလက်အောက်တွင် ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။ 

The Voice

0 comments:

Post a Comment