Monday, June 3, 2019

သမ္မတထရမ့်နှင့်ဇနီး ဗြိတိန်သို့ရောက်ရှိ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လင်နီယာထရမ့်တို့သည် ဗြိတိန်၌ သုံးရက်ကြာလည်ပတ်ရန် ဇွန် ၃ ရက်က လန်ဒန်ရှိ စတန်စ်တက်ဒ်လေဆိပ်သို့ အဲဖို့စ်ဝမ်းလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး လေယာဉ်မဆင်းသက်မီပင် လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်းကို ထရမ့်က ရှုတ်ချပြောဆိုခဲ့သည်။ 
ထရမ့်နှင့်မသင့်မြတ်သည့် မြို့တော်ဝန် ဆဒစ်ခန်းက ထရမ့်သည် ကော်ဇော်နီခင်း၍ နိုင်ငံတော်ဧည့်သည်အဖြစ် ဂုဏ်ပြုကြိုဆိုခံရမည် မဟုတ်ကြောင်း ပြောဆိုထားရာ ထရမ့်က ခန်းသည် အရှုံးသမားတစ်ဦးဖြစ်ကြောင်း၊ မိမိအား ဂရုမစိုက်ဘဲ လန်ဒန်မှ ရာဇဝတ်မှုများကိုသာ အာရုံထားစေလိုကြောင်း တွစ်တာ၌ တုံ့ပြန်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ 
ဇွန် ၂ ရက်ထုတ် ဆန်းသတင်းစာတွင် ထရမ့်သည် ကမ္ဘာ့လစ်ဘရယ်ဒီမိုကရေစီကို ခြိမ်းခြောက်နေသည့် လက်ယာစွန်းတို့၏ စံတင်လောက်သည့်နမူနာဆိုးတစ်ရပ်ဖြစ်သည်ဟု ခန်းက ပြောဆိုကြောင်း ဖော်ပြခဲ့သည်။ 
ခန်းအား ထောက်ခံသူများကလည်း လန်ဒန်၏ ပထမဆုံးမွတ်စလင်မြို့တော်ဝန်ဖြစ်သည့် ခန်းကို ထရမ့်က အစွန်းရောက်အမြင်ဖြင့် ပုတ်ခတ်နေကြောင်း ပြောဆိုကြသည်။ 
လေဆိပ်တွင် ထရမ့်သည် ဗြိတိသျှတို့၏ ဂုဏ်ပြုတပ်ဖွဲ့အပါအဝင် အခမ်းအနားငယ်တစ်ခုဖြင့် ကြိုဆိုမှုခံယူပြီးနောက် တည်းခိုမည့်နေရာသို့ မရင်း-ဝမ်း ရဟတ်ယာဉ်ဖြင့် ဆက်လက်သွားရောက်ခဲ့သည်။ 
ဗြိတိန်တော်ဝင်မိသားစုနှင့်တွေ့ဆုံမည့် သမ္မတထရမ့်သည် ဇွန် ၄ ရက်၌ ဝန်ကြီးချုပ်ထရီဆာမေနှင့် တွေ့ဆုံသည့်အခါ ရာသီဥတုပြောင်းလဲမှုအရေး၊ ဟွာဝေးကုမ္ပဏီအရေးတို့ကို ထည့်သွင်းဆွေးနွေးရန် မျှော်လင့်ရသည်။ 
ရာသီဥတုဆိုင်ရာ ၂၀၁၇ ခုနှစ် ပါရီသဘောတူညီချက်မှ အမေရိကန်ထွက်ခွာရန်ဆုံးဖြတ်ထားခြင်းကို စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သည့် ဗြိတိန်အစိုးရသည် ရာသီဥတုအရေးကို ထိပ်ဆုံးထားဆွေးနွေးမည်ဟုဆိုသည်။ 
ဗြိတိန်တွင် ထရမ့်မလိုလားသူများက လန်ဒန်၊ မန်ချက်စတာ၊ ဘဲလ်ဖတ်စ်နှင့် ဘာမင်ဟန်တို့တွင် ဆန္ဒပြကန့်ကွက်ရန် စီစဉ်ထားကြသည်။ 
ဗြိတိန်ခရီးစဉ်မစတင်မီ သမ္မတထရမ့်က ဗြိတိန်မှ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်သူများအနက် ဘောရစ်ဂျွန်ဆင်ကိုထောက်ခံကြောင်း၊ ၄င်း ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
The Myanmar Times

0 comments:

Post a Comment