Sunday, June 7, 2020

မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့် AAC ဂေဟာကို ဖြိုဖျက်ရန် ထိုင်းအာဏာပိုင်များ ဖိအားပေးမှု မြန်မာသံအရာရှိများ ဝင်ရောက်ညှိနှိုင်း

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့နေသည့် မြန်မာနိုင်ငံ သားများအား နေရပ်မပြန်မီ ကယ်ဆယ်ထားရှိသည့် AAC ဂေဟာကို ထိုင်းအာဏာပိုင်များက ယနေ့ (ဇွန် ၇ရက်)နံနက်ပိုင်းတွင် ဖြိုချဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC)မှ သိရသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် ဇွန် ၅ ရက်တွင် မဟာချိုင်မြို့ရှိ AAC ဂေဟာအား ဝင်ရောက်စစ်ဆေးပြီးနောက် ဂေဟာအား ဖျက်ဆီးမည်ဖြစ်၍ ဂေဟာရှိလူများအား ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း AAC အဖွဲ့ ဥက္ကဌ ဦးလှခိုင်က ပြောသည်။
"အမှန်ကတော့ ကျွန်တော်တို့ကို အချိန်ပေးရမှာပေါ့ဗျာ။ အခုလို ချက်ချင်းဖျက်တာကတော့ မလုပ်သင့်ဘူးပေါ့။ ဒါက ကျွန်တော်တို့ အလုပ်သမားရေးလုပ်တာကို မကြိုက်လို့ ဖိအားပေးတယ်လို့ပဲထင်ပါတယ်။ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး"ဟု AAC အဖွဲ့ ဥက္ကဌ ဦးလှခိုင်က ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် မဟာချိုင်မြို့ရှိ AAC ဂေဟာသို့ မြန်မာသံအရာရှိများရောက်လာပြီး ဝင်ရောက် ညှိနှိုင်းပေးနေပြီး လက်ရှိအခြေအနေကတော့ ဖျက်တာကို ခဏရပ်ထားကြောင်း သိရသည်။
AAC ဂေဟာရှိ မြန်မာအလုပ်သမားများကိုလည်း ထိုင်းအာဏာပိုင်များက ခေါ်ဆောင်သွားသောကြောင့် သံအရာရှိများက ပြန်လည်စုံစမ်း ကယ်တင်ပေးရန် တောင်းဆိုကြောင်း AACအဖွဲ့မှ တာဝန်ခံ ကိုရဲမင်းကပြောသည်။
" ဇွန် ၅ရက်က AAC ဂေဟာမှာ ထိုင်းအာဏာပိုင်တွေက စာရင်းကောက်တယ်ဆိုပြီး ဝမ်းသာနေတာ။ တကယ်တမ်းက ပြန်ပို့ပေးမှာ မဟုတ်ဘူး။ AAC ဂေဟာကို လာဖျက်ဆီးတာပါ။ ထိခိုက်ဒဏ်ရာနဲ့ ခြေပြတ်လက်ပြတ်ဖြစ်တဲ့ အလုပ်သမားတွေရော၊ ထိုင်းသူဌေးရဲ့ အနိုင်ကျင့်ခံရလို့ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေရော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရော ထိုင်းအာဏာတွေက ခေါ်ဆောင်သွားပါတယ်။ ပစ္စည်းတွေ အချိန်မီ သိမ်းပေးဖို့လည်း အမိန့်ပေးထားပါတယ်။ ဒါက ထိုင်းက မြန်မာအလုပ်သမားတွေရဲ့ ချွေးနဲစာနဲ့ ဆောက်ထားတဲ့ ဂေဟာကြီးပါ။ သေချာတာကတော့ ထိုင်းအလုပ်ရှင်တွေရဲ့ မတရားလုပ်တာ ခံထားရတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုတော့ ဒီထိုင်းလူမျိုးတွေက အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး"ဟု ကိုရဲမင်းက ပြောသည်။
မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC)ကို ၂၀၁၅ခုနှစ်တွင် စတင်ဖွဲ့စည်း၍ AAC ဂေဟာအား တည်ထောင်ကာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့ရသည့် မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
crd-စံတော်ချိန် #Myanmar_Online_News

0 comments:

Post a Comment