
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၅-၆-၂၀၂၀ ရက်နေ့ နံနက်ခင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်-၁၀ ပင်လုံလမ်းတွင်တည်ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ၈-ထပ်ကျောင်းဆောင်တွင် တည်ဆောက်ပြီးစီးသည့် "သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံ" ကို စစ်ဆေးကြည့်ရှုတော်မူသည်။
ယနေ့နံနက် စက္ခုဒါနဆေးရုံတွင် တပ်ဆင်ထားသည့် ခေတ်မီစမ်းသပ်စစ်ဆေးသည့် စက်သစ်ကြီးများဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင်၊ သီတဂူဒေါက်တာဦးသိန်းမြင့် (အင်္ဂလန်) နှင့် သီတဂူစက္ခုဒါနဆေးရုံတော်များ လှည့်လည်ကုသရေးတာဝန်ခံ သီတဂူဒေါက်တာဦးစဂျေလွင်တို့က သီတဂူဆရာတော်ကြီး၊ ဗုဒ္ဓဂါယာဆရာတော်ကြီးနှင့် ဝေဇယန္တာဆရာတော်ကြီးတို့ကို စတင်စမ်းသပ် စစ်ဆေးခြင်း မင်္ဂလာပြုခဲ့ပါသည်။
သီတဂူစက္ခုဒါန အစီစဉ်စတင်ခဲ့သည့် ၁၉၉၃ခုနှစ်-ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ်-ဒီဇင်ဘာကုန်အထိ စမ်းသပ် စစ်ဆေး ၅၂၂,၇၃၀ ဦး၊ ခွဲစိတ်ကုသလူနာ-၁၀၀,၈၅၄ ဦးတို့ကို စက္ခုဒါန အလင်းကုသိုလ် ပြုပေးနိုင်ခဲ့ပါသည်။
လက်ရှိအချိန်အထိ သီတဂူဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ပြီးသော သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၃၇ ရုံရှိပြီး (ဆောက်လုပ်နေဆဲများမှာ) ၃၈။ စစ်ကိုင်းတိုင်း-ပုလဲမြို့၊ ၃၉။ တနင်္သာရီတိုင်း-ပုလောမြို့၊ ၄၀။ ရန်ကုန်တိုင်း-ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၁။ တနင်္သာရီတိုင်း-မြိတ်မြို့၊ ၄၂။ စစ်ကိုင်းတိုင်း-ခန္တီးမြို့၊ ၄၃။ စစ်ကိုင်းတိုင်း-အင်းတော်မြို့၊ ၄၄။ မန္တလေးတိုင်း-ကူမဲမြို့ တို့ဖြစ်ပါသည်။
သီတဂူဆေးရုံ အမှတ်စဉ်-၄၀ ဖြစ်သော သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိသည့်အခါသမယတွင် Grand Open မင်္ဂလာအခမ်းအနားဖြင့် မျက်စိဝေဒနာရှင်များအား စက္ခုဒါနကုသပေးမည် ဖြစ်ပါကြောင်း ဝမ်းမြောက်ဖွယ်ရာသတင်းအား ကြိုတင်သိရှိစေအပ်ပါသည်။
သီတဂူဆရာတော်ကြီးသည် နိုင်ငံအဝှမ်း ဆေးရုံတော်-၄၅ခု တည်ဆောက်ရန် ရည်စိတ်သန်လျှက်ရှိပြီး လက်ရှိစာရင်းအရ အားလုံးပြီးစီးကာဖွင့်လှစ်ပါက မြန်မာနိုင်ငံတွင် သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၄၄ ခုဖြင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးကဏ္ဍကို့ အားဖြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ဖြစ်မြောက်အောင် အဖက်ဖက်က ပါဝင်ကုသိုလ်ယူကြသည့် စေတနာရှင်များ၊ အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။









Source - သီတဂူဆရာတော်နှင့်သီတဂူသတင်းများ






0 comments:
Post a Comment