
မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ ဝင်ရောက် ဖူးမျှော်ခွင့်ပြုချိန်တွင် ဘုရားဖူးများအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် လူအဝင်အထွက်ပြုလုပ်စဉ် အပူချိန်တိုင်းတာမည့် သာမိုစကန်(Thermo Scan) စက် ၂ လုံးကို အမေရိကန်နိုင်ငံမှ ဝယ်ယူရောက်ရှိပြီဖြစ်ပြီး ကိုယ်ပူချိန်တိုင်းမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဇွန် ၁၁ ရက်တွင် ပြောသည်။
မဟာမုနိဘုရားကြီး ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အဆိုပါစက်၂ လုံးတန်ဖိုးမှာ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ဖြစ်ပြီး ဘုရားဖူးများအား ကျန်းမာရေးနှင့် အညီဆောင်ရွက်မှု အစီအမံများကို ဂေါပကအဖွဲ့က ရေးဆွဲကာ ဇွန် ၁၂ ရက်တွင် တိုင်းအစိုးရထံ နောက်ဆုံးထားတင်ပြမည်ဟု ဆိုသည်။
“စက်အဝင်ပေါက်ကနေ ပုံမှန်ဖြတ်သွားတာနဲ့ အပူချိန်ကို ဖတ်နေမှာပါ။ Screen မှာ ပြနေမယ်။မှတ်တမ်းလဲတင်ထားမယ်။လူဝင်အများဆုံးဖြစ်တဲ့ အရှေ့မုခ်နဲ့ မြောက်မုခ်ဘက် အတွင်းတော်အဝင်နားမှာ ထားမယ်။ စောင်းတန်းက ဈေးတန်းတွေ ကျော်လာပြီးတဲ့နေရာမှာထားမယ်”ဟု ၎င်းကပြောသည်။
ကျန်သည့် တောင်ဘက်နှင့် အနောက်ဘက်စောင်းတန်းမှ ဝင်ရောက်မှုမှာ အနည်းစုဖြစ်သောကြောင့် သာမို ဂန်း (Thermo Gun)ဖြင့် ကိုယ်အပူချိန်တိုင်းခြင်း လုပ်ဆောင်မည်ဖြစ်ပြီး ဘုရားစောင်းတန်း မုခ် ၄ ခုအဝင်နှင့် ခါးပြတ်မှ ဝင်ပေါက်များတွင်လည်း လက်ဆေးကန်နှင့် လက်ဆေးဆပ်ပြာများထားရှိမည်ဖြစ်သည်။
“ဘုရားဖူးတဲ့အခါ တစ်ဦးနဲ့ တစ်ဦး လုံလောက်တဲ့ အကွာအဝေးရှိဖို့အပါအဝင် Mask မပါလာရင် မများတဲ့နှုန်းထားနဲ့ ရောင်းပေးဖို့စတဲ့ အစီအမံတွေကို တိုင်းအစိုးရထံ တင်ပြပါမယ်။ ရွှေသင်္ကန်းကပ်လှူခွင့် ပေးဖို့များပေမယ့် သေချာပြောလို့မရသေးပါဘူး။ အများစုကတော့ ခုလာမယ့် ဇွန် ၁၆ ရက်နေ့မှာ ဖွင့်ချင်နေပြီ။ အစိုးရဖွဲ့ ခွင့်ပြုချက် အရပဲ လုပ်ရမှာပါ”ဟု ဆက်လက်ပြောကြားသည်။
COVID-19 ကာကွယ် ထိန်းချုပ်မှုများကို မေ ၁ရက်တွင် ဖြေလျှော့မှုများ အဆင့်ဆင့်ဆောင်ရွက်ခဲ့ သော် လည်း ဇွန် ၁၆ ရက်နေ့ထိ ဘုရား၊စေတီများ၊ ဘုရားကျောင်းနှင့် ဗလီများ စသည်တို့တွင် ဝတ်ပြုဆုတောင်းခြင်းတို့ကို ဆက်လက်တားမြစ်ထားသည်။
Ref ; The Myanmar Times






0 comments:
Post a Comment