Thursday, June 11, 2020

ဇေကမ္ဘာကုမ္ပဏီလီမိတက်ကလုပ်ကိုင်ခွင့်သက်တမ်းကုန်သွားသော ကရဝိက်ခန်းမနှင့် ဆက်စပ်နေရာများ လုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူ

ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိက်ခန်းမနှင့် ဆက်စပ်လျက်ရှိသည့် ယာဉ်ရပ်နားသည့် နေရာအပါအဝင် စုစုပေါင်း ၃ ဒသမ ၄၅ ဧကကို လုပ်ကိုင်ခွင့်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက တင်ဒါပြန်လည်ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါနေရာကို ယခင်က ဇေကမ္ဘာကုမ္ပဏီလီမိတက်က လုပ်ကိုင်ခဲ့ပြီး ၂၀၁၉ တွင် လုပ်ကိုင်ခွင့်သက်တမ်း ကုန်ဆုံးခဲ့သဖြင့် တင်ဒါပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကောင်းထွဋ် က ပြောကြားခဲ့သည်။
တင်ဒါပြန်လည်ခေါ်ယူရာ တွင် ‘‘စိတ်ဝင်စားမှုအတိုင်းအတာ တစ်ခုအထိ ရှိခဲ့ပါတယ်။ လျှောက်လွှာဖောင်ဝယ်သွားတာပဲ ရှိပါသေးတယ်။ လျှောက်လွှာဖောင် လက်ခံထားတာမရှိသေးပါဘူး။ အရေအတွက် အတိအကျကို တော့ မပြောလိုပါဘူး’’ဟု ၎င်းက ပြောသည်။
ယင်းနေရာအတွက် တင်ဒါအောင်သည့် လုပ်ငန်းရှင်အား ၁၅နှစ်ကြာ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဇေကမ္ဘာကုမ္ပဏီလီမိတက် ကရဝိက်တင်ဒါကို ၎င်းတို့ မရရှိခဲ့ပါက လျော်ကြေးငွေ ကန်ဒေါ်လာ သန်း၃၀ တောင်းခံမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဝန်ကြီးဌာနသို့ တရားဝင်တင်ပြထားခြင်းမရှိကြောင်း ဦးကောင်းထွဋ်က ပြောသည်။
ယင်းသတင်းကိုအတည်ပြုရန် ဇေကမ္ဘာကုမ္ပဏီလီမိတက်၏ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဆက်သွယ်မည်ဟု ဖြေကြားပြီးနောက် ဇွန်လ ၁၀ ရက်ညနေအထိ ထပ်မံဆက်သွယ်မှုကို ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ကရဝိက်ခန်းမအတွက် တင်ဒါလျှောက်လွှာများကို ဇွန်လ ၈ ရက်တွင်စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၈ ရက်တွင် တင်ဒါဖွင့်လှစ်ကြေညာမည်ဟု သတင်းထုတ်ပြန်ထားသည်။ ဇေကမ္ဘာကုမ္ပဏီလီမိတက်သည် ယခင်စစ်အစိုးအရလက်ထက်ကတည်းက ကရဝိက်ခန်းမကို နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
Crd : 7Day

0 comments:

Post a Comment