Friday, June 12, 2020

ကေအိုင်အို ထိန်းချုပ်နယ်မြေ ဖြစ်သည့် မိုင်ဂျာယန်တွင် မိုးမောက်မြို့မှ လူနာအမှတ် ၂၄၉ နှင့် ထိတွေ့ခဲ့သူ ၄၉ ဦးရှိနေ

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်သည့် အရှေ့ပိုင်းတိုင်းဌာနချုပ် မိုင်ဂျာယန်ဒေသတွင် မိုးမောက်မြို့နယ်မှ လူနာအမှတ်- ၂၄၉ နှင့် ထိတွေ့ခဲ့သူ ၄၉ ဦးအထိ ရှိနေကြောင်း ကေအိုင်အို အရှေ့ပိုင်းတိုင်းဌာနချုပ် COVID-19 ကာကွယ်နိမ်နှင်းရေးကော်မတီမှ သိရသည်။
ထိတွေ့ခဲ့သည့် မိုင်ဂျာယန်မှ ဒေသခံ ၄၉ ဦးမှာ မိုးမောက်မြို့နယ်မှ လူနာအမှတ် ၂၄၉ လွယ်ဂျယ်မြို့ရှိ ပြည်သူ့ဆေးရုံတွင် မေလ ၄ ရက်နေ့က ကျန်းမာရေးဝန်ထမ်းအဖြင့် တာဝန်ထမ်းဆောင်စဉ် ကာကွယ်ဆေး သွားရောက်ထိုးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကာကွယ်ဆေး လာရောက်ထိုးသူများ နှင့် ထိတွေ့ခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းတိုင်းဌာနချုပ် COVID-19 ကာကွယ်နိမ်နှင်းရေးကော်မတီခေါင်းဆောင် ဦးဇော်တန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ အခု သူနဲ့ထိတွေ့တဲ့ လူစာရင်းကို စစ်ဆေးလိုက်တော့ ဒီလူစာရင်းရခဲ့တယ်။ ဒီစာရင်းတွေက လွယ်ဂျယ်ဆေးရုံက ကျွန်တော်တို့တောင်းထားတာပါ။ မိုင်ဂျာယာန် တောင်ပေါ်ဒေသဘက်ကရော ၊ နယ်စပ်ဘက် ဗန်းမော် ကျေးရွာဒေသဘက်ကရောပါနေတယ်။ ဒီလူတွေကို သေချာစစ်ဆေးမှုတွေလည်း ပြုလုပ်နေပါတယ် ။ဒါနဲ့ ပတ်သက်ပြီးဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။
ထိုသို့ ပိုးတွေ့လူနာ နှင့် ထိတွေ့ခဲ့သူများကို အခြေအနေပေါ်မူတည်၍ Home Quarantine နှင့် Quarantine Center တို့ တွင် Quarantine ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကေအိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းတိုင်းဌာနချုပ်ဘက်က အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် မိုင်ဂျာယန်မြို့အဝင် Check Point ကိုလည်း ယမန်နေ့ ဇွန်လ ၁၁ရက်နေ့မှစ၍ ယာယီဝင်ထွက်ခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း အရှေ့ပိုင်းတိုင်းဌာနချုပ် COVID-19 ကာကွယ်နိမ်နှင်းရေးကော်မတီက ဇွန်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် Covid-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဥ်းစည်းကမ်းများကို ပြည်သူများအနေဖြင့် လိုက်နာရန်လည်း ရေးသားဖော်ပြထားသည်။
လွယ်ဂျယ်မြို့ နှင့် မိုင်ဂျာယန်မြို့သည် ဆိုင်ကယ်ဖြင့် သွားလာမည်ဆိုပါက ၁၀ မိနစ်ခန့်သာ သွားလာရသည့် မြို့ ၂ မြို့ဖြစ်သည်။
Ref ; Myitkyina News Journal

0 comments:

Post a Comment