Wednesday, June 3, 2020

ဝူဟန်မြို့က ပထမဆုံး ကိုရိုနာ သတင်းပေးဆရာဝန်၏ လုပ်ဖော်ကိုင်ဖက် ဆရာဝန် ကွယ်လွန်

ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို စတင်သတင်းပေး ပြောကြားခဲ့တဲ့ ဆရာဝန် ဒေါက်တာလီဝမ်လင်းရဲ့ လုပ်ဖော် ကိုင်ဖက် ဆရာဝန်တယောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံပိုင် စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူ ဟူဝေ့ဖန်ဟာ ဝူဟန်ဗဟိုဆေးရုံမှာ ဆီးလမ်းကြောင်း အထူးကုဆရာဝန်တယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာ ကွယ်လွန်သွားခဲ့တာပါ။
ဒါဟာ ဝူဟန်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးရတဲ့ ၆ ယောက်မြောက် ဆရာဝန် ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့ ပထမဆုံးလူနာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဝူဟန်မြို့က စတင်ခဲ့တဲ့ ဒီရောဂါ ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံအနှံ့ ပျံ့နှံ့သွားခဲ့ပြီး လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၄၆၃၄ ယောက် ရှိခဲ့တာပါ။
ဝူဟန်ဆေးရုံက ဒေါက်တာဟူ သေဆုံးမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းမှာတော့ ဆေးရုံက ဝန်ထမ်း ၆၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ထားတာပါ။
လတ်တလောမှာတော့ မီဒီယာတွေမှာ ဖော်ပြတဲ့ ဒေါက်တာဟူရဲ့ အသားအရေဟာ အသည်းပျက်စီးမှုကြောင့် မည်းနေခဲ့တာမို့ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။
ဆေးရုံက နောက်ထပ်ဆရာဝန်တယောက်ဖြစ်တဲ့ ရီဖန်မှာလည်း အလားတူ လက္ခဏာမျိုး ပေါ်ခဲ့ပေမယ့် ပြန်လည်ပျောက်ကင်းသက်သာသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတင်းပေးပြောကြားခဲ့တဲ့ ဒေါက်တာလီဝမ်လင်း သေဆုံးမှုအပေါ် လူထုစိတ်ဝင်စားမှုတွေ အုံကြွခဲ့ပါသေးတယ်။
အသက် ၃၄ နှစ်အရွယ် ဒေါက်တာလီဟာ ဗိုင်းရပ်စ်အကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို သတိပေးမှုကြောင့် အာဏာပိုင်တွေက ပြစ်တင်ခံခဲ့ရပါတယ်။
ခုလို စတင်ဖော်ထုတ်ပြောဆိုခဲ့လို့ သူ့ကို အမျိုးသားသူရဲကောင်းတယောက်လို့ သတ်မှတ်ကြပေမယ့် သေဆုံးရမှုအပေါ် မကျေနပ်မှုတွေ၊ ဝေဖန်မှုတွေလည်း ဆက်တိုက် ထွက်ပေါ်နေခဲ့တာပါ။
ဝူဟန်ဗဟိုဆေးရုံ အရေးပေါ်ကြပ်မတ်ကုသဆောင် ဒါရိုက်တာ အိုင်ဖန် အပါအဝင် ဒီဗိုင်းရပ်စ်အကြောင်း မီဒီယာတွေကို သတင်းပေးကြတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အစိုးရအာဏာပိုင်တွေက ပြစ်ဒဏ်ပေးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အရေအတွက်တိတိ ကျကျကို ထုတ်ပြန်ခြင်းမရှိပေမယ့် သေဆုံးခဲ့သူ ဆေးဘက် ဆိုင်ရာဝန်ထမ်း အနည်းဆုံး ၃၄ ယောက်ကိုတော့ ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခဲ့တယ်လို့ ဆို ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ကျန်းမာရေးဝန်ထမ်း ၃၃၈၇ ယောက်ဟာ ရောဂါကူးစက်ခံနေရပြီ ဖြစ်တယ်လို့ ပြောခဲ့တာ ပါ။
Ref ; DVB

0 comments:

Post a Comment