Tuesday, June 9, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြီးဆုံးမဲ့ကာလဟာ အဝေးကြီးလိုသေးတယ်လို့ WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်ရက်တည်းကို အဆိုးဆုံးအဖြစ် တစ်ကမ္ဘာလုံးမှာ စံချိန်တင် အတည်ပြုလူနာ ၁၃၆,၀၀၀ ထိတွေ့ရှိခဲ့ရတာကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်(WHO) က ဗိုင်းရပ်စ်ကူးစက်မှုပြီးဆုံးမဲ့ကာလဟာ အဝေးကြီးမှာရှိနေသေးတာကြောင့် နိုင်ငံတွေအနေနဲ့ ဗိုင်းရပ်စ်ကာကွယ်တားဆီးထိန်းချုပ်ရေးကို အင်တိုက်အားတိုက်လုပ်ဖို့လိုနေကြောင်း ထပ်မံသတိသတိပေးလိုက်ပါတယ်။
" အခု ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားတာ ၆ လကြာမြင့်ခဲ့ပါပြီ။ ဒီအချိန်ဟာ ဘယ်တိုင်းပြည်မှ ဒီဗိုင်းရပ်ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ရပ်ဆိုင်းလိုက်လို့ ရတဲ့အချိန်မရောက်သေးပါဘူး" လို့ WHO အ ကြီးအကဲ Tedros Adhanom Ghebreyesus က အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တစ်ရက်တည်းကို တစ်ကမ္ဘာလုံးမှာ ကိုဗစ် အတည်ပြုလူနာ ၁၃၆,၀၀၀ ထိတွေ့ရှိခဲ့ပြီး ဒါဟာ တစ်ရက်အတွင်း ပမာဏ အများဆုံး ကူးစက်သူအသစ် ရှာဖွေတွေ့ရှိမှုဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ အဲ့ဒီထဲက ၇၅ ရာခိုင်နှုန်းလောက်ဟာ ၁၀ နိုင်ငံကတွေ့ရှိတဲ့ ပမာဏပဲဖြစ်ပြီး အများစုက အမေရိကနဲ့ တောင်အာရှက ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးသတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာတော့ WHO ရဲ့ အရေးပေါ်ကာလ ကျွမ်းကျင်သူ ထိပ်တန်းအရာရှိ Dr. Mike Ryan က ဗိုင်းရပ်စ် ဘယ်လိုပြန့်နှံ့လာတယ်ဆိုတဲ့ လေ့လာသုံးသပ်မှုရလဒ်တွေကို အားလုံးက စောင့်စားဖို့ ဖြစ်နိုင်ကြောင်းနဲ့ လက်ရှိအလုပ်ကတော့ ဗိုင်းရပ်စ်ဟာ ဒုတိယလှိုင်းအဖြစ် ဘယ်လိုပုံစံနဲ့ ပြန့်နှံ့လာမလဲဆိုတာတဲ့ လေ့လာသုံးသပ်ကာကွယ်ရေးကို ကျွန်တော်တို့ ပိုမိုအာရုံစိုက်ဖို့ လိုအပ်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
၎င်းက ဆက်လက်ပြောကြားရာမှာ အမေရိက အလယ်ပိုင်းမှာ ကူးစက်မှုဟာ လျင်မြန်လွန်းနေပြီး ဂွာတီမာ လာလိုနိုင်ငံမျိုးမှာ ဆက်လက်မြင့်တက်နေတာကြောင့် ကူးစက်မှုဗဟိုဌာနသစ်ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
" ဒီအချိန်ဟာ အားလုံးအတွက် စိုးရိမ်စရာအကောင်းဆုံးအချိန်ပါ" လို့ဆိုလိုက်ပြီး အစိုးရတွေအနေနဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာအသိုင်းအ ဝိုင်းကလည်း လက်ရှိဖြစ်ပွားနေတဲ့ ကူးစက်ဗဟိုဌာနသစ်တွေကို ပူးပေါင်းကူညီဖို့ ဆော်သြခဲ့ပါတယ်။
လက်ရှိ ကမ္ဘာမှာ ကူးစက်မှုဗဟိုဌာနသစ်ဖြစ်နေတဲ့ ဘရာဇီးလ်နိုင်ငံမှာ အဆိုးရွားဆုံး ကူးစက်မှုပုံစံနဲ့ကြုံရနေပြီး အမေရိကန်ပြီးရင် ကူးစက်ခံရသူ ဒုတိယအများဆုံးနိုင်ငံဖြစ်လာပါတယ်။ သေဆုံးမှုနှုန်းကလည်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အီတလီကို ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
ဘရာဇီးလ် ကျန်းမာရေးဝန်ကြီးဌာနဟာ ၎င်းတို့ဝက်ဘ်ဆိုက်မှာ အတည်ပြုရေးသားထားတဲ့ ကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ကိန်းကဏန်းတွေကို အကြောင်းပြချက်မရှိပဲ ဖယ်ရှားလိုက်ပြီး ရောဂါပိုးကူးစက်မှုနဲ့ သေဆုံးသူအရေအတွက်ကို ပမာဏနည်းပြီး ပြန်လည်ထုတ်ပြန်လိုက်တာကြောင့် အချက်အလက်ကောက်ယူသူတွေအနေနဲ့ ဒွိဟဖြစ်သွားစေခဲ့ပါတယ်။
Ref ; ပန်ပန်/ Myanmar Harp

0 comments:

Post a Comment