Thursday, October 15, 2015

ဖုန်ကြားရှင်ကို မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို နေထိုင်ခွင့်ပေးထားဟုဦးအောင်မင်းပြောကြား

တပ်မတော်နင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော ကိုးကန့်လက်နက်ကိုင်အဖွဲ့မှခေါင်းဆောင်ဦးဖုန်ကြားရှင်ကို ပုဂ္ဂိုလ်ရေးရင်းနှီးမှုကြောင့် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဒေသတွင်မဆို နေထိုင်ခွင့်ပေး ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။ယနေ့(အောက်တိုဘာ ၁၅) ပြုလုပ်သော NCA လက်မှတ်ရေးထိုးပွဲအပြီးတိုင်းရင်းသားလက်နက်ကိုင်များ နှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲတွင်၎င်းက မီဒီယာများကို ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။
ဖုန်ကြားရှင် အနေဖြင့် လက်ရှိအချိန်တွင် လက်နက်ကိုင်တိုက်ပွဲပြုလုပ်ရန်အသက်အရွယ်အရ အမဖြစ်နိုင်သောကြောင့် ကိုးကန့်ဒေသတွင်ပြန်လည်နေထိုင်ခွင့်ပေးရန် နိုင်ငံတော်သမ္မတထံ စာရေးသားပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။

အစိုးရအဖွဲ့အပါအဝင် နိုင်ငံတော်သမ္မတသည် ဖုန်ကြားရှင်အပေါ်ပုဂ္ဂိုလ်ရေးရင်းနှီးမှုကြောင့် ရန်ကုန်၊မန္တလေး၊လားရှိုးစသည့် မြို့များအပြင် ကျန်ရှိသည့် နေရာများ၌ပင်နေထိုင်ခွင့်ပေးသည်ဟု ပြန်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့အစိုးရအဖွဲ့က အင်မတန်သဘောထားကြီးခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

ယင်းသို့နေထိုင်ခွင့်ပေးပါက ဖုန်ကြားရှင်အနေဖြင့် လုံခြုံရေးအနေဖြင့်လက်နက် ၆၀ ကို ယူဆောင်လာခွင့်ပြုရမည်ဟု ထပ်မံပြန်ကြားလာသဖြင့် နယ်မြေလုံခြုံရေးကို ရှေ့ရှု၍ နိုင်ငံတော်သမ္မတ အနေဖြင့်ခွင့်မပြုခဲ့ကြောင်း ဝန်ကြီး ဦးအောင်မင်းက ထပ်လောင်းပြောသည်။

ယင်းအပြင် တအာင်းပလောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(TNLA)သည်လည်းအပစ်အခတ်ရပ်စဲရေးစာ ချုပ်တွင်ပါဝင်လာနိုင်ရန်ပလောင်တိုင်းရင်းသားများနေထိုင်ရာ မြို့နယ် ၁၆ ခုကိုပေးရန်တောင်းဆိုခဲ့ပြီး အစိုးရ အနေဖြင့် လက်မခံနိုင်သဖြင့်လက်ရှိအခြေအနေတွင် ၎င်းတို့မှ တွေ့ဆုံညှိနှိုင်းရန်ပင်လက်မခံတော့ကြောင်း၎င်း ကရှင်းပြသည်။

တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် ယင်းသို့ဖြစ်ပေါ်နေသော်လည်း အစိုးရအနေနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးတည်၍ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

The Voice Weekly

0 comments:

Post a Comment