Thursday, October 15, 2015

ရန်ကုန် မြို့တော်၌ တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် အိမ်ထောင်ရှင် ရှစ်ဦး အရေးယူခံရ

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ငါးခုတွင် ယင်းဥပဒေဖောက်ဖျက်သည့် ဗုဒ္ဓဘာသာဝင် အိမ်ထောင်ရှင် အမျိုးသားရှစ်ဦး အမှုဖွင့် အရေးယူခံထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။“အမှုဖွင့် အရေးယူခံရသူတွေက အိမ်ထောင်သက် နှစ်သုံးဆယ်ကျော်သူတွေ ပါတယ်၊ သားသမီးတွေရပြီးမှ အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုပြီး ဇနီးဖြစ်သူက သက်သေအထောက်အထား အခိုင်အလုံနဲ့ တရားလိုပြု အမှုဖွင့် တိုင်ကြားတာ၊ ထူးခြားတာက အရေးယူခံရသူတွေထဲမှာ ဘာသာခြားတစ်ဦးတစ်ယောက်မှ မပါဘူး ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုဖွင့် အရေးယူထားသူများမှာ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်နှင့် လှိုင်မြို့နယ် တို့တွင် နေထိုင်သော အသက် ၂၄ နှစ်မှ ၅၈ နှစ်ကြားရှိ အိမ်ထောင်ရှင် အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို တရားရုံးများတွင် စစ်ဆေးနေကြောင်း၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ခုနှစ်နှစ်ထက် မပိုသော ပြစ်ဒဏ်ကျခံ ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းများထံမှ သိရှိရသည်။

အဆိုပါ ဥပဒေကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ ၁၄ ရက်နေ့အထိ အမှုဖွင့် တိုင်ကြားမှု ရှစ်မှု ရှိခဲ့ပြီး လှိုင်သာယာ မြို့နယ်တွင် အမှုဖွင့်တိုင်ကြားမှု အများဆုံးဖြစ်ကာ သုံးမှုအထိ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“တစ်လင်တစ်မယားစနစ် ဥပဒေက ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ကောင်းမွန်ပါတယ်၊ တစ်ဖက်က ပြန်ကြည့်တော့ အိမ်ထောင်ရေးမကွဲသင့်ဘဲ ဒေါသစိတ်နဲ့ တိုင်ကြားမိရာက ကိုယ့်အိမ်ထောင်ဖက်ဖြစ်သူက ထောင်ကျ၊ ကျန်ခဲ့တဲ့ သားသမီးတွေမှာလည်း လူပုံအလယ်မှာ မျက်နှာ ငယ်ရပြီး ငွေကုန် အချိန်ကုန် ဖြစ်ရတယ်” ဟု ရှေ့နေဖြစ်သူ ဦးမောင်မောင်မြင့်က ပြောသည်။


The Voice Weekly

0 comments:

Post a Comment