Thursday, January 18, 2018

ထိုင်းတွင် ပျောက်ဆုံးနေသည့် အင်္ဂလန်နိုင်ငံသားကို သေဆုံးလျက်တွေ့ရှိ


မိသားစုနဲ့ အားလပ်ရက်ခရီးထွက်ရင်း လွန်ခဲ့တဲ့ ၃ ပတ်က ပျောက်ဆုံးနေတဲ့ အင်္ဂလန်နိုင်ငံသားရဲ့ အလောင်းကို ချအမ်းခရိုင် ကမ်းစပ်အရှေ့သစ်တောမှာ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူက အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ အိတ်စစ်တာမြို့က မာတင်ဝုဒ်လို့သိရပြီး သူ့ရဲ့အလောင်းကို ဒေသခံတွေက ချအမ်းကမ်းစပ်နဲ့ ၂၀၀ မီတာအကွာမှာတွေ့ရှိကာ ရဲတွေကို မနက် ၉ နာရီ ခွဲလောက်မှာ အကြောင်းကြားခဲ့တာပါ။


မစ္စတာဝုဒ်က တီရှပ်ဘောင်းဘီတိုနဲ့ အားကစားဖိနပ်တွေကို ဝတ်ဆင်ထားပြီး လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်ကတည်းက သေဆုံးခဲ့တာလို့ ယူဆနေကြပါတယ်။

ဝုဒ်ဖြစ်ကြောင်းကို ဝုဒ်မိသားစုနဲ့ အတူနေထိုင်ခဲ့တဲ့နေရာနဲ့ ၂ ကီလိုမီတာအဝေးမှာ ရှိတဲ့ ဟိုတယ်ရဲ့ အိမ်အကူလုပ်သား အသက် ၄၀ အရွယ် ဒါအိုရန်အင်ပိုထာက အတည်ပြုပေးခဲ့ပါတယ်။

ဘာကြောင့် သေဆုံးခဲ့တယ်ဆိုတာကို အတည်မပြုနိုင်ဘဲ ဝုဒ်ရဲ့အလောင်းကိုတော့ ခွဲစိတ်စစ်ဆေးဖို့ ဒေသခံဆေးရုံကို ပို့လိုက်ပါတယ်။

အလောင်းမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို မတွေ့ရဘူးလို့ ချအမ်းရဲစခန်းရဲ့ တာဝန်ကျ ရဲအရာရှိ အက်စဝစ်ချိုင်စရီက ပြောလိုက်ပြီး သူ့အလောင်းထဲမှာ ၂၄၉၀ ဘတ်ကိုလည်း ရဲက ရှာတွေ့ခဲ့ပါတယ်။
ဝုဒ်နဲ့သူ့မိသားစုက ချအမ်းကမ်းခြေကို ပြီးခဲ့တဲ့လ အားလပ်ရက်မှာ ရောက်ရှိခဲ့ပြီး ဝုဒ်နေတာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ ဟိုတယ်မှာ မိသားစုက တည်းခဲ့တာပါ သူ့မှာ နာတာရှည် ရောဂါရှိပြီး ပုံမှန် ဆေးသောက်ရတယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က မနက် ၅ နာရီလောက်မှာ ဝန်ထမ်းတဦးက ဝုဒ်ဟိုတယ်က ထွက်သွားတာကို မြင်လိုက်ပြီး ရှာဖွေပေမယ့် သူ့ကို ရှာမတွေ့ခဲ့ကြပါဘူး။

မိသားစုက ဝုဒ်ရဲ့ပျောက်ဆုံးမှုကို ရဲထံအကြောင်းကြားခဲ့ပြီး သူ ဘယ်မှာဆိုတာ သတင်းပေးနိုင်ရင် ဘတ်ငွေ ၁ သောင်း ဆုချမယ်လို့လည်း ပြောခဲ့ပါတယ်။ ဘာကြောင့် ဝုဒ် ပျောက်သွားလဲဆိုတာ မိသားစုဝင်တွေလည်း မသိဘူးလို့ ပြောပါတယ်။

ဝုဒ်ပျောက်သွားတဲ့နေ့က သူနဲ့အတူ တွေ့ရတဲ့အမျိုးသား ဘယ်သူဆိုတာသိဖို့ ဟိုတယ်အနီးအနား စောင့်ကြည့်ကင်မရာတွေမှာ တွေ့ရတဲ့ ရုပ်သံတွေကို စုံစမ်းရေး အရာရှိတွေက စစ်ဆေးမယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment