Sunday, January 21, 2018

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အတိုင်ခံရ


တိုင်းလွှတ်တော် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မြေသိမ်းဆည်းခဲ့သည်ဟုဆိုကာ မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်နေထိုင်သည့် ဒေသခံ များက လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က အိုးဘိုတောင်ရပ်ကွက်ရှိ မြေယာဧက ၄၀ ခန့်ကို သိမ်းဆည်းခဲ့ပြီး ယင်းသိမ်းဆည်းမြေအစား နေရာသစ် အစားထိုးပြန်ပေးထားသည့် မြေနေရာတွင် ယခုအခါ လွှတ်တော် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေခြင်းဖြစ်၍ တိုင်ကြားရခြင်းဖြစ်ကြောင်း အိုးဘိုတောင်ရပ်ကွက်နေထိုင်သူ ဦးခိုင်မိုးဦးက ပြောကြားသည်။

“အရင်အစိုးရလက်ထက်မှာတုန်းက လွှတ်တော်ရုံးဆောက်မယ်ဆိုပြီး အိုးဘိုတောင် တောင်သူတွေဆီက မြေသိမ်းယူတယ်။ ပြည်သူတွေ ဆန္ဒပြတာ၊ ကန့်ကွက်တိုင်ကြားတာလုပ်လို့ တောင်သူတွေကို ပြန်ပေး ထားတဲ့နေရာမှာ အခုအစိုးရလက်ထက် လွှတ်တော်ဝန်ထမ်းအိမ်ရာ ဆောက်နေတယ်။ ဒါကမြေထပ်သိမ်း တာပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါ မြေသိမ်းဆည်းခဲ့စဉ်က တောင်သူများကို အစိုးရကညှိနှိုင်းမှုများပြုလုပ်၍ မြေစာရင်းဦးစီးမှူး၏ ခွင့်ပြုချက်ဖြင့် ယခုနေရာကိုပြန်ပေးရန် လျာထားကြောင်း၊ သို့သော် လက်ရှိအစိုးရလက်ထက်တွင် တောင်သူ များကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ အဆောက်အအုံသစ် ဆောက်လုပ်နေသဖြင့် အိုးဘိုတောင် ရပ်ကွက်နေထိုင်သည့် တောင်သူ ၁၁ ဦးက ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က မြေသိမ်းသည်ဟုဆိုကာ တိုင်ကြားရခြင်းဖြစ်ကြောင်း ယင်းဒေသခံတောင်သူများက ပြောကြားသည်။

ယင်းမြေနေရာသည် ယခင်အစိုးရ လက်ထက်ကတည်းက စစ်ကိုင်းတိုင်းလွှတ်တော်အတွက် မြေနေရာဟု သတ်မှတ်ထားသည့်အတွက် လက်ရှိ အဆောက်အအုံသစ်ကို ဆောက်လုပ်နေခြင်းသာဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောဆိုသည်။

မြေသိမ်းဆည်းသည်ဟုဆိုကာ တောင်သူများက တိုင်ကြားထားမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို The Voice က ဆက်သွယ်မေးမြန်းရာတွင် ယင်းမြေသိမ်းမှုနှင့် ပတ်သက်၍ မသိ ရှိကြောင်း၊ လက်ရှိတွင် ခရီးသွားနေသည့်အတွက် အသေးစိတ်ကို ပြန်လည်မဖြေကြားပေးကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

The Voice

0 comments:

Post a Comment