Friday, September 28, 2018

ဓာတ်ဆီဂါလန် ၂ သန်းကို မြန်မာနိုင်ငံစက်သုံးဆီအသင်းသို့ ဝန်ကြီးဌာနမှ ရောင်းချပေးသွားမည်



တစ်ဂါလန်လျှင် ၃၈၀၀ ကျပ်နှုန်းဖြင့် ဓာတ်ဆီဂါလန် နှစ်သန်းကို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှတဆင့် အောက်တိုဘာလအတွင်း ဖြန့်ဖြူးရောင်းချပးသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 
ထိုသို့ ရောင်းချခြင်းအားဖြင့် ဈေးကွက်အတွင်းတွင် ပြည်တွင်းသုံးဓာတ်ဆီ ဈေးနှုန်းကို အထိုက်အလျောက်လျော့ကျစေရန် ရည်ရွယ်သည်ဟု သိရသည်။ 

လက်ရှိအချိန်တွင် စက်သုံးဆီဈေးမှာ စံချိန်တင်မြင့်တက်နေပြီး ပြီးခဲ့သည့် နှစ်ထက် တက်ခဲ့ကာ လက်ရှိ အချိန်တွင် တစ်လီတာ တစ်ထောင်ကျော် ပေါက်ဈေး ရှိနေသည်။ 

စက်သုံးဆီဈေးနှုန်းကို ဒေါ်လာပေါက်ဈေးကို အခြေခံကာတွက်ချက်သည်ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)မှ ပြောဆိုထားသည်။ 

သို့ရာတွင် ဒေါ်လာဈေး ပြန်ကျဆင်းမှုရှိခဲ့သော်လည်း စက်သုံးဆီဈေးကျဆင်းမှု မရှိသည့်အတွက် MPTA အပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 

ထိုသို့ရောင်းချရာတွင်ကြိုတင်ဝယ်ယူထားသည့်အတွက် လက်ရှိပြန်ရောင်းချရာတွင် ပေါက်ဈေးကွာဟမှုရှိခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)မှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။ 

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) မှ ထွက်ရှိသော ဓာတ်ဆီများကို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ တဆင့် စက်သုံးဆီ အရောင်း ဆိုင်များသို့ ယခုနှစ် ဧပြီလမှစ၍ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလန် ၃ သန်း ခန့်ဖြင့် (၄) ကြိမ်၊ ဓာတ်ဆီ (စုစုပေါင်းဂါလန် ၁၂ သန်း) ဖြန့်ဖြူးရောင်းချခဲ့ပြီး ဖြစ်သည်။ ယခုအကြိမ်သည် ပဉ္စမအကြိမ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ 

စက်တင်ဘာလ ၂၈ ရက်နေ့ ရန်ကုန် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဒီဇယ် ၁၀၄၅၊ အောက်တိန်း ၉၅ -၁၀၆၅၊ အောက်တိန်း ၉၂ -၁၀၁၅၊ အဆင်မြင့်ဒီဇယ် ၁၀၅၅ အသီးသီး ဖြစ်ပြီး ဒေါ်လာဈေးနှုန်းမှာ ၁၅၇၀ ကျပ် ဖြစ်သည်။ 

Mizzima

0 comments:

Post a Comment