Thursday, November 29, 2018

လေးနှစ်ကျော်အတွင်း စစ်တောင်းမြစ်ရေ အနိမ့်ဆုံးရောက်

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း ဆွာချောင်းတမံ ကျိုးပေါက်ခဲ့သည့်အပြင် အယ်နီညိုသက်ရောက်မှုများကြောင့် ရေအရင်းအမြစ်နှင့် ရာသီဥတုပြောင်းလဲပြီး စစ်တောင်းမြစ်ရေသည် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်လေးနှစ်ကျော် ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (တောင်ငူခရိုင်ရုံးခွဲ) ထံမှ သိရသည်။ 
စစ်တောင်းမြစ်ရေသည် ၂၀၁၄ ခုနှစ် ဧပြီလတတိယပတ်အတွင်းက အနိမ့်ဆုံးအဖြစ် ၁၂၈ စင်တီမီတာအထိ ရောက်ရှိခဲ့ဖူးပြီး ယခုရက်ပိုင်းအတွင်း ၁၆၂ စင်တီ မီတာအထိကျဆင်းခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။ 

“မနှစ်ကဒီအချိန် အနိမ့်ဆုံးလည်း ၂၅၀ စင်တီမီတာအထက်ကနေ ၃၃၀ ကျော်ထိရှိတယ်။ ၂၀၁၇ နိုဝင်ဘာ ၂၈ ရက်နေ့မှတ်တမ်းအရ စစ်တောင်းမြစ်ရေ ၃၃၄ စင်တီမီတာ ရှိပေမယ့် ဒီနေ့ကာလတူမှာ မြစ်ရေက ၁၈၂ စင်တီမီတာပဲရှိတယ်။ တောက်လျှောက်လည်း လျော့သွားမယ့် သဘောရှိနေတယ်”ဟု တောင်ငူမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ ဦးမျိုးမြင့်အောင်က ပြောကြားသည်။ 

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း ယခုနှစ်ဩဂုတ်လက စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် တစ်ကြိမ်ကျော်လွန်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်နေ့က ဆွာချောင်းတမံကျိုးပေါက်၍ စစ်တောင်းမြစ်ရေ ဒုတိယအကြိမ်အဖြစ် ထပ်မံမြင့်တက်ခဲ့ရသည်။ 

အဆိုပါ စစ်တောင်းမြစ်ရေသည် နှစ်စဉ်မိုးလယ်ကာလနှင့် မိုးနှောင်းရာသီများတွင် မြစ်ရေကြီးရေလျှံမှုများနှင့် မကြာခဏကြုံတွေ့နေရသော်လည်း မြစ်ရေကျဆင်းပါက မြေနုကျွန်းများကြောင့် စိုက်ပျိုးလုပ်ကိုင်မှု ကောင်းမွန်ကြောင်း၊ ယခုနှစ် မြစ်ရေပြန်လည်ကျဆင်းချိန် ပုံမှန်ရေပေးဝေမှုရှိသည့် ဆွာတမံ၊ ခပေါင်းဆည်၊ သောက်ရေခပ်ဆည်အပါအဝင် ဒေသတွင်း ဆည်များအနက် ဆွာဆည်မှရေမပေးနိုင်သဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် မြစ်ရေကို အားကိုးရမည်ဖြစ်သော်လည်း မြစ်အတွင်း ရေမရှိပါက အခက်ကြုံနိုင်ကြောင်း ဆွာအောက်ဘက် ဆွာချောင်းနှင့် စစ်တောင်းမြစ်ကမ်းအနီး စိုက်ပျိုးလုပ်ကိုင်နေသူများက ဆိုသည်။

The Voice

0 comments:

Post a Comment