Thursday, November 29, 2018

နာဂကျေးရွာ ၁၆ ရွာအတွက် စိမ့်စမ်းရေ သွယ်တန်းပေးမည်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ် သုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာ သောက်သုံးရေ လုံလောက်စွာ ရရှိရေး စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် (စီးပွား) ဦးရိထင်က ပြောသည်။ 
စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်အတွင်း အပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ၊ လေရှီးမြို့နယ်အတွင်းရှိ ၆ ရွာနှင့် နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ စုစုပေါင်း ၁၆ ရွာတွင် ပြုလုပ်မည်ဖြစ်သည်။ 

ယင်းကျေးရွာများသည် တောင်ပေါ်ဒေသ ကျေးရွာများဖြစ်သည့်အတွက် ကျေးရွာနေလူများ သောက်သုံးရေ ရရှိရေးအတွက် ကျေးရွာနှင့်ဝေးသည့် ချောင်းများမှ သောက်သုံးရေကို သွားရောက် ထမ်းသယ်ရခြင်း၊ စိမ့်စမ်းရေရှိသည့် ကျေးရွာများမှာလည်း ရေရရှိမှု နည်းပါးသဖြင့် ရေကို လုံလောက်စွာ မသုံးစွဲနိုင်ခြင်းများ ရှိသည့်အတွက် စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရက ချထားပေး သည့် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေး မည်ဖြစ်ရာ ကျေးရွာများသို့ စိမ့်စမ်းရေ သွယ်တန်းမှုအနေနှင့် အလွန်ဆုံး ၃ မိုင် အကွာမှ စိမ့်စမ်းရေကို သွယ်တန်းပေးမည့် ဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးမှ အလုပ်အမှုဆောင် (စီးပွား) ဦးရိထင်က ပြောသည်။ 

“နာဂဒေသမှာက ရေကို ရေလို မသုံးနိုင်ဘူး။ မသုံးနိုင်တဲ့အတွက် လူတွေက တစ်ကိုယ်ရေ သန့်ရှင်းမှုမှာ အရမ်းအားနည်းတဲ့အတွက် ရေကို ဖောဖောသီသီ သုံးနိုင်အောင် အစိုးရအနေနဲ့ လုပ်ပေးစေချင်တယ်။ ဒါပေမဲ့ အခုသူတို့ တင်ဒါခေါ်နေတဲ့ ရေတွေဟာဆိုရင် အလွန်ဆုံး ၂ မိုင်ဝန်းကျင်ပေါ့။ ဆိုတော့ အစိုးရက ရေကို ၂ မိုင်ထက် ပိုပြီးတော့မှ ဝေးတဲ့ နေရာကနေ မသွယ်ပေးဘူး။ ၂ မိုင် ကျော်တဲ့ ရွာတွေဆိုရင် ရေကို ငတ်မှန်းသိတယ်။ ဒါပေမဲ့ ဘာမှ မလုပ်ပေးဘူး။ ပြည်သူတွေက ရေကို ရေလို သုံးချင်ကြတယ်”ဟု နန်းယွန်းမြို့နယ်နေ ဦးလော်တိုးက ပြောသည်။ 

နာဂဒေသသည် စိမ့်စမ်းရေမှ ရေကို သွယ်တန်းပြီး အသုံးပြုကြရခြင်းဖြစ်ပြီး နာဂဒေသအတွင်းရှိ ကျေးရွာများသာမက မြို့ပေါ်ရပ်ကွက်အချို့တွင်ပင် သောက်သုံးရေ မလုံလောက်မှုနှင့် ကြုံတွေ့နေရသည်ဟု ဒုံဟီးမြို့နေ နာဂတိုင်းရင်းသားများက ပြောကြားသည်။ 

The Voice

0 comments:

Post a Comment