ပြည်တွင်းရှိ ကျွဲ၊ နွားရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် လာမည့်ဒီဇင်ဘာလအတွင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာ မူဆယ်ဈေး) တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ မှ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲတွင် MoU လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။
“ကုန်စည်ပြပွဲမှာ နှစ်ဖက်ညှိနှိုင်းပြီး MoU ထိုးဖို့လုပ်နေပါတယ်။ ကျွဲ၊ နွား ရောဂါထိန်းချုပ်ရေးမှာ ကိုယ့်နိုင်ငံအနေအထားနဲ့ မလုပ်နိုင်တာတွေရှိတယ်။ အဓိကတော့ တင်ပို့တဲ့အခါ တိရစ္ဆာန်ရောဂါ အန္တရာယ်ကင်းရှင်းဖို့ ဆောင်ရွက်မှာပါ”ဟု ဦးခင်မောင်လွင်က ပြောဆိုသည်။
ကျွဲ၊ နွားရောဂါကာကွယ်ထိန်းချုပ်ရေး MoU ကို တရုတ်နိုင်ငံ၊ ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနှင့် ကွပ်ကဲရေးဝန်ကြီးဌာန (AQSIQ) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ရေးထိုးမည်ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲတွင် ကျွဲ၊ နွားများ တရားဝင်တင်ပို့ရောင်းချနိုင်မည့် အကောင်ရေပမာဏကိုလည်း နှစ်နိုင်ငံညှိနှိုင်းကာ နားလည်မှုစာချွန်လွှာများ ဆက်လက်ရေးထိုးရန်ရှိကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“တရုတ်နိုင်ငံနဲ့ ကျွဲ၊ နွားတင်ပို့မှုမှာ တရားဝင်ကုန်သွယ်မှုစာချုပ်တွေချုပ်ဖို့ရှိတယ်။ သူတို့ဘက်ကလည်း ကျန်းမာရေးအတွက် တောင်းဆိုတဲ့အချက်တွေရှိတယ်။ လုပ်နိုင်တာတော့လုပ်မယ်။ မလုပ် နိုင်တာတွေကိုတော့ သူတို့နဲ့ညှိရမှာပေါ့”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့တင်ပို့မည့် ကျွဲ၊ နွားများကိုကျန်းမာရေးစစ်ဆေးရန် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ကျန်းမာရေးစစ်ဆေးရေးရုံတစ်ခုကို တည်ဆောက်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ကျွဲ၊ နွားများ တရားဝင်တင်ပို့ခွင့်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စမ်းသပ်တင်ပို့ခွင့်ပြုခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ကျွဲ၊ နွားအကောင်ရေပေါင်း နှစ်သိန်းတစ်သောင်းကျော် တင်ပို့ခဲ့ကာ တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၂၆၄ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
The Voice
0 comments:
Post a Comment