
ဗိုလ်တထောင်မြို့နယ်တွင် လူစုလူဝေးဖြင့် ပွဲအခမ်းအနားပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်ရန် လွှတ်တော်၌ အရေး ကြီး အဆိုအဖြစ် တင်သွင်းခဲ့သော်လည်း ဆွေးနွေးခွင့်မရရှိခဲ့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုဥက္ကဋ္ဌဖြစ်သူ ဦး ကျော်ဇေယျက ဇွန်လ ၃ ရက်နေ့က ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား အရေးယူရန် ဇွန်လ ၂ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်း အဆိုပါတင်သွင်းမှုနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌမှ ကိုယ်စားလှယ်ထံအကြောင်း ပြန်ကြားခြင်းမရှိခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်ဇေယျကဆိုသည်။
"လွှတ်တော်ဥက္ကဋ္ဌကို အန်ကယ်အနေနဲ့ စာနဲ့ပေးခဲ့တာ ဆွေးနွေးမယ့်ကိုယ်စားလှယ်တစ်ယောက်ရှာပါဆိုလို့ အန်ကယ်အနေနဲ့ရှာခဲ့တယ်။ ဒါပေမယ့် မနေ့က တင်ပြတာဖြစ်တဲ့အတွက် လွှတ်တော်က အန်ကယ်ကို အကြောင်းရမယ်၊ ဒါပေမယ့် ဒီနေ့ ဆွေးနွေးမှုနဲ့ပတ်သက်လို့ အကြောင်းပြန်တာမရှိဘူး"ဟု ဦးကျော်ဇေယျက ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား အရေးယူရန်အဆိုသည် တင်သွင်းခွင့်မရခဲ့သော်လည်း သမိုင်းတွင် မှတ်တမ်းတစ်ခုအဖြစ်တင်ကြောင်း ဦးကျော်ဇေယျက ၎င်း၏ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။
"အမှန်တော့ အဆိုက ခွင့်ပြုသင့်ပါတယ်၊ ဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌ ၏လုပ်ပိုင်ခွင့်ဖြစ်နေလို့ မည်သို့မှ မတတ်နိုင်ဘူး" ဟု ဦးကျော်ဇေယျက ပြောသည်။
ဗိုလ်တထောင်မြို့နယ်တွင် လူစုလူဝေးဖြင့် ပွဲအခမ်းအနားပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ အရေးယူရန် ဝေဖန်မှုများ ရှိနေသည့်အပြင် တောင်ဒဂုံမြို့နယ်နေပြည်သူတစ်ဦးမှလည်း ဗိုလ်တထောင်မြိူ့နယ် ရဲစခန်းတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို အမှုဖွင့်လှစ်ထားသည်။





Ref ; People Media






0 comments:
Post a Comment