Friday, June 12, 2020

Covid-19 ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားနေရင် ဆယ်တန်းအောင်စာရင်းကို Website ကနေပဲ ထုတ်ပြန်မည်

ဆယ်တန်းအောင်စာရင်းထုတ်ပြန်မယ့်ရက်မှာ Covid-19 ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားနေရင် Website ကနေပဲ ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ စတုတ္ထတစ်နှစ်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဒီနေ့ ဇွန်လ (၁၂)ရက်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ဖြေကြားခဲ့တာပါ။
"အောင်စာရင်းအမြန်ဆုံးထုတ်ပြန်နိုင်ဖို့တော့ စီစဉ်နေပါတယ်။ ဘာလို့အမြန်ဆုံးထုတ်လဲဆိုတော့ မပေါက်ကြား အောင် ထိန်းသိမ်းရတဲ့ကိစ္စလည်းဖြစ်ပါတယ်။ ဒါကြောင့် ရှေးတုန်းကလည်းပြောတာရှိတာပေါ့ အာလူးပူပူဆိုတာ အကြာကြီးမကိုင်ကောင်းဘူး။ အာလူပူပူဆိုတော့ သူများလက်အထဲ အမြန်လွှဲချင်ပါတယ်။ အဲဒီတော့ အောင်စာရင်းကို အမြန်ဆုံးထုတ်ပြန်ပေးပါမယ်။"လို့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။
ဆယ်တန်းအောင်စာရင်းအတွက် အဖြေလွှာစစ်ဆေးတာကို ဇွန်လ(၅)ရက်စပြီး (၁၉)ရက်အထိ စစ်ဆေးနေသလို ကြားကာလမှာ ပြင်ဆင်တာတွေရှိနိုင်လို့ အောင်စာရင်းထွက်မယ့်ရက်ဟာ သြဂုတ်လ ဒုတိယပတ်အထိ ဖြစ်သွားနိုင်တယ်လို့လည်း အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက O Media ကိုဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတော့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ဇွန်လပထမပတ်မှာထုတ်ပြန်လေ့ရှိပေမဲ့ အခုနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် အဖြေလွှာစစ်ဆေးမှု နောက်ကျခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသူ(၉)သိန်းဝန်းကျင်ရှိခဲ့ပါတယ်။
Source - O Media

0 comments:

Post a Comment