
ယခု ကိုဗစ်ကပ်ရောဂါကာလအတွင်း ရှမ်းပြည်အခြေအနေများ များစွာပြောင်းလဲလာပါသည်။ ကိုဗစ်ကပ်ရောဂါနှင့်အတူ ရှမ်းပြည်ရှိ ကုန်သွယ်စီးဆင်းမှုများ တုံ့နှေးလာပြီး၊ သီးနှံစျေးကွက်၊ ဟင်းသီးဟင်းရွက် စျေးကွက်များလည်း မရှိသလောက် ဖြစ်သွားပါသည်။ တောင်သူများမှာလည်း ယခင်က ချေးငွေ ပြန်ဆပ်ပြီး၊ ယခု ချေးငွေများ ပြန်လည်ချေးယူရမည့်ကိစ္စတွင်လည်း အခက်အခဲတွေ့ကြုံနေရပါသည်။
ရှမ်းပြည်ရှိ ထွက်ကုန်များ ဥပမာ - ပြောင်း တရုတ်သို့ပို့မရ၍ မြောင်းထဲ၊ ချောင်းထဲသွန်ရသည့်ပုံများ တက် လာသည်။ ကော်ဖီထုတ်များ စျေးကွက်ပို့မရ၍ ထွန်ယက်ပစ်ရသည့်ပုံများ တက်လာပါသည်။
ထို့အပြင် ရှမ်းပြည်ထွက်ကုန်များဖြစ်သော ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးစသည်တို့မှာလည်း ရောင်းချမရပါ။
ထိုသို့သော အဖြစ်အပျက်တွင် ရှမ်းပြည်နယ်အစိုးရက ဦးဆောင်၍ ချေးငွေများ ပြန်ဆပ်ကာလ နောက်ဆုတ် ပေးခြင်း၊ ချေးငွေကိစ္စ အဆင်ပြေအောင် ပြုလုပ်ပေးခြင်းများရှိသည်။ ကုန်စိမ်းများ စီးဆင်းမှုမရှိခြင်း၊ စျေးကွက် မရှိခြင်းနှင့်ပတ်သက်၍ အောင်ပန်း၊ ကလော၊ ညောင်ရွှေများမှ တောင်သူများ၊ ကားသမားများနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ပေးခဲ့ပါသည်။
ထို့နောက် ကုန်စည်များ အသင့်အတင့်စီးဆင်းနိုင်ပြီးနောက် ရှမ်းပြည်နယ်အစိုးရနှင့် ကမ္ဘောဇဘဏ်သူဌေး ဦးအောင်ကို၀င်းတို့မှ အဓိက ဦးဆောင်၍ မုန်လာထုတ် (ခ) ကော်ဖီထုတ်တို့ကို ၀ယ်ကာ နယ်အရပ်ရပ်သို့ လှူဒါန်းခြင်း၊ လက်ဆောင်ပေးခြင်း စသည်တို့ကိုလည်း ပြုလုပ်လေသည်။ စျေးကွက်မရှိ၊ ကူးသန်းရောင်း ၀ယ်မှု နှောင့်နှေး၊ ကော်ဖီထုတ်များကို စက်ငှား၍ ရှင်းလင်းနေရသော ကာလတွင် ခြံပုတ်ပြတ်ပေး၀ယ်ခြင်း၊ ခုတ်ခသာ ပေး၍ ၀ယ်ယူခြင်း၊ တစ်လုံးကို ၁၀၀ ပေး၍ ၀ယ်ယူခြင်း စသည်တို့ကို ပြုလုပ်ခြင်းမှာ တောင်သူများအကြား နာမည် ထိုက်သင့်သလောက်ရလေသည်။
တစ်ခြားအရပ်ဖက်အဖွဲ့အစည်းများက ပြုလုပ်ပေးပါသော်လည်း ရှမ်းပြည်နယ်အစိုးရနှင့် ဦးအောင်ကို၀င်း ပြု လုပ်သည်လောက် လူအများက စိတ်၀င်စားမှုမရှိပါ။ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီနာယက ဦးအောင်ကို၀င်း၏လုပ်ဆောင်ချက်ကို လူအများက စိတ်၀င်တစ်စားစောင့်ကြည့်ကြပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ဦးအောင်ကို၀င်းသည် ရှမ်းတောင်တစ်ကြောရှိ အောင်ပန်း၊ က လော တို့တွင် ကားကြီးများဖြင့် မုန်လာထုတ်(ခ)ကော်ဖီထုတ်များကို ၀ယ်ယူပို့ဆောင်သည်သာမက စား နပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီများ ဖြစ်၍ ရှမ်းအလယ်ပိုင်းဒေသများဖြစ်သော လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်စသည် များသို့လည်း အားစိုက်၍ စားနပ်ရိက္ခာများဝေသည်။ ကိုဗစ်ကပ်ရောဂါထောက်ပံ့ရေးဆေးဝါးပစ္စည်းများကို ပေးအပ်ပါသည်။
လေ့လာရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ရေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ၂၀၁၅ -ခုနှစ်တွင် NLD များ အား သိပ်မကောင်းသည့် ဒေသများသို့ ထိုးဖောက်၀င်ရောက်နေသည်ကို တွေ့မြင်ရပါသည်။
ယခင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်လာရောက် သော်လည်း ထိုမျှ အင်အားမကောင်းသေးပါ။ ယခု ကိုဗစ်ကာလအတွင်းတွင် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ရှမ်းပြည်ရှိ သူဌေးများ၊ ကုန်သည်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ များစွာကို ရရှိခဲ့လေသည်။
လမ်းတံတားလုပ်ငန်း၊ တင်ဒါလုပ်ငန်းများတွင် ပါ၀င်နေသော ကုမ္ပဏီငယ်များ၏ ပိုင်ရှင်များ၊ အဖွဲ့များသည် ကိုဗစ်ကာလတွင် ကိုဗစ်အလှူ ၊ စေတနာ၀န်ထမ်းဟူ၍ အမည်အမျိုးမျိုးတပ်ကာ ၀န်ကြီးချုပ်နှင့်၀န်ကြီးများ၏ ရှေ့တွင် အနီးကပ်နေကြရသည်။ အမှန်တကယ်လုပ်ဆောင်နေသောစေတနာ့၀န်ထမ်းများကအောက် ခြေတွင် အားတက်သရောလုပ်ကိုင်နေကြပါသည်။
ထောက်ပံ့ရေးခရီးစဉ်များတွင် ရှမ်း၊ ဓနု၊ အင်းသား၊ ပအိုဝ်း၊ ဗမာ၊ တအာင်း၊ မုန်း၀န်း၊ ယင်းနက်၊ တောင်ရိုး စသည်တို့ကို တွေ့ရှိရပြီး ၊ ၄င်းတို့အား ပန်းစီးဖြင့် ကြိုဆိုခြင်း၊ ပွဲများဖြင့် ဧည့်ခံခြင်းလည်းရှိပါသည်။ နာယက အဖြင့် တစ်ချို့မြို့နယ်တွင် ငွေသားများဝေသည်ကိုလည်း ဓါတ်ပုံဖြင့် ဖော်ပြလေသည်။ အဓီက၀င်ရောက်သည့် နေရာမှာ ယခင် NLD အင်အားနည်းသည့်နေရာ ရှမ်းမြောက်၊ ရှမ်းတောင်နှင့် ရှမ်းအလယ်ပိုင်းဒေသများတွင် ဖြစ်ပါသည်။
ထို့အပြင် ဌာနေပြည်သူ့စစ်များဖြစ်သော ကာလိအခြေစိုက်အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ (SSA/ တပ်မဟာ -၇) ၊ ဆီဆိုင်မြို့အခြေစိုက် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (S.N.P.L.O)၊ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်( P.N.L.O )၊ အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ ( P.N.O ) ၊ လက်မှတ်ထိုးထား သည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS )၊ အပစ်ရပ် လက်မှတ်မထိုးထားသည့် ၀မ်ဟိုင်းဒေသ အခြေစိုက်ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/ SSA ) စသည်တို့ကို ဆန်၊ ဆီ၊ စားနပ်ရိက္ခာများ ထောက်ပံ့သည် ကို သတင်းဝေဝေဆာဆာတွေ့ရပါသည်။
ထိုသို့ လုပ်ကိုင်ရာတွင် ၀န်ကြီးချုပ်ခရီးစဉ်၊ ၀န်ကြီးများ ခရီးစဉ်တွင် ကုမ္ပဏီမှ ပိုင်ရှင်များ၊ ၄င်းနှင့် နီးစပ်သည့် စေတနာ့၀န်ထမ်းအများစုက လိုက်ပါကြရာ ကမ္ဘောဇဘဏ်သူဌေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးနာယက က ထင်ရှားလေသည်။ ၄င်းက အမြဲတမ်းလိုက်ပါလေ့ရှိသလို နိုင်ငံပိုင်သတင်းများ၊ ပြန်ကြားရေး၀န်ကြီးဌာန၏ ၀က်ဆိုက်ထဲတွင်လည်း ထင်ထင်ရှားရှားသတင်းများ တွေ့လေသည်။
ယခင်က နိုင်ငံရေး သုံးသပ်ချက်များတွင် ပြည်ခိုင်ဖြိုးပါတီ က ရှမ်းပြည်တွင် အင်အားကြီးပါသည်။ ၂၀၂၀ -ခုနှစ်တွင်လည်း ၄င်းက နိုင်နိုင်မည်ဟု တွက်ဆထားပါသော်လည်း ကိုဗစ်ကပ်ရောဂါ အခြေအနေတွင် အနေ အထား အလွန်ပြောင်းလဲသွားပါသည်။
NLD အနေဖြင့် ၂၀၁၅- ကာလက ရှမ်းပြည်တွင် နိုင်သင့်သလောက်မနိုင်ခဲ့၍ ရှမ်းပြည်ကို အဓိကဦးတည် ချက်ထားကာ ပြုလုပ်နေသည်ဟု ယူဆရပါသည်။ ယခုတွင် စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ နာယက ဦးအောင်ကို၀င်းကို ထားရှိကာ ရှမ်းပြည်အနှံ့ရှိ မြို့နယ်နှင့် အီးအေအိုများအား ထောက်ပံ့ရေးပြုလုပ်ခြင်းသည် စည်းရုံးရေး ဆင်းသည်ဟု မဆိုလိုပါသော်လည်း လူထုကို စည်းရုံးသကဲ့သို့ ဖြစ်သွားပါသည်။
၂၀၁၅ -ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်ရှိ ပြည်သူ့စစ်များ၊ အီးအေအိုများက အဓိကပါ၀င်ပတ်သက်သူ ၊ ရွေးကောက်ပွဲအနိုင်အရှုံးကို အဆုံးဖြတ်ပေးနိုင်သူများဖြစ်၍ ယခုကဲ့သို့ ထိုသူများကို လူသိရှင်ကြား ထောက် ပံ့သည့်အပြင် သတင်းပါတက်လာ၍ လူအများ၏ စိတ်၀င်စားမှုကို ရရှိပါသည်။ NLD ပုံရိပ် ထပ်မံ တက်လာပါသည်။]
ထိုသည်နှင့် တစ်ပြိုင်နက် ကမ္ဘောဇဘဏ်သူဌေး ဦးအောင်ကို၀င်း အား NLD က ရှမ်းပြည်၀န်ကြီးချုပ်အဖြစ် လျာထားပါသလား ဆိုသည့် မေးခွန်းတက်လာပါသည်။
တစ်ချို့က ဦးအောင်ကို၀င်းကိုယ်တိုင် မသိ၍ ထိုသို့ စည်းရုံးရေး သဘောဖြစ်သွားလေသလား သို့တည်း မဟုတ် သိ၍ ၄င်းကိုယ်တိုင် စိတ်ပါ၀င်စားသောကြောင့် ပြုလုပ်လေသလား သို့တည်းမဟုတ် အကူအညီတောင်း၍ လိုက်ပါ ကူညီပေးနေပါသလားဆိုသည့် စကားသံများ များစွာ ကြားနေရပါသည်။
မည်သို့ပင် ဖြစ်စေ - NLD က ဦးအောင်ကို၀င်း၏အားကို ရယူပါက ရှမ်းပြည်တွင် နေရာများစွာရနိုင်ပါသည်။ ပြည်ခိုင်ဖြိုးပါတီက ထိုကဲ့သို့သော အခြေအနေတွင် မည်ကဲ့သို့ ထပ်မံပြင်ဆင်မည် ဆိုသည်မှာလည်း စိတ်၀င် စားဖွယ်ကောင်းလှပါသည်။
NLD နှင့် မိတ်ဖက်ပါတီဖြစ်သော ကျားခေါင်းပါတီ(ခ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီနှင့်မည်ကဲ့သို့ ဆွေးနွေးပြီးပြီလဲ၊ မည်ကဲ့သို့ အပေးအယူဖြင့် ရှမ်းပြည်နိုင်ငံရေးကို အသားစီးရယူအောင် လုပ်ယူပြီလဲဆိုသည့် မေးခွန်းမှာလည်း ရှမ်းပြည်သားများအတွက် အရေးကြီးပါသည်။
ဆောင်းပါးရှင် ဒေါ်နန်းဝါနုသည် ယခင်လွှတ်တော်၌ (ကွန်ဟိန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)အဖြစ် တာဝန် ယူခဲ့သူဖြစ်သည်။


Ref ; People Media






0 comments:
Post a Comment