Saturday, October 3, 2015

ရန်ကုန်မြို့၌ ပျောက်ဆုံးခဲ့သည့် န၀မတန်းကျောင်းသူ လေးဦးနှင့် ကျောင်းသားတစ်ဦးကို ပြင်ဦးလွင်မြို့ လက်ဖက်ရည်ဆိုင် တစ်ခုတွင် စားပွဲထိုး လုပ်ကိုင်နေရာ မှတစ်ဆင့် ပြန်လည်တွေ့ရှိ


ပြင်ဦးလွင်မြို့ လက်ဖက်ရည်ဆိုင် တစ်ခုတွင် ကျောင်းသူနှစ်ဦး စားပွဲထိုးအဖြစ် လုပ်ကိုင်နေသည်ကို စစ်ဆေး တွေ့ရှိရာမှတစ်ဆင့် ရန်ကုန်မြို့တွင် ပျောက်ဆုံးခဲ့သည့် ကိုးတန်းကျောင်းသူ လေးဦးနှင့် ကျောင်းသား တစ်ဦးကို စက်တင်ဘာ ၃၀ ရက်က ပြန်လည် တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ ဦး...နှင့် ဒေါ်...တို့၏ သမီးဖြစ်သူ မ..သည် ကျောင်းနေဖက် သူငယ်ချင်းများဖြစ်သည့် ကျားတစ်ဦး၊ မ သုံးဦးတို့နှင့် နေအိမ်မှ ပျောက်ဆုံးသွားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့သို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာက စုံစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကျောင်းသား၊ ကျောင်းသူများသည် စက်တင်ဘာ ၂၈ ရက်ညတွင် ရန်ကုန်မှ ပြင်ဦးလွင်သို့ အာကာသ ယာဉ်လိုင်းဖြင့် သွားရောက်ခဲ့ရာ စက်တင်ဘာ ၂၉ ရက် နံနက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၃၀ ရက်တွင် ပြင်ဦးလွင်မြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင် တစ်လလျှင် ကျပ်ငါးသောင်းဖြင့် ကျောင်းသူနှစ်ဦး စားပွဲထိုးအဖြစ် လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ဆက်လက် စုံစမ်းစစ်ဆေးချက်အရ ယင်းတို့သည် ပြင်ဦးလွင်မြို့ ရေချမ်းအိုး ကျေးရွာတွင် အိမ်ငှားရမ်း နေထိုင်လျက် ရှိသည်ကို တွေ့ရသဖြင့် ၎င်းတို့ ငါးဦးကို ခေါ်ဆောင်လာခဲ့ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ အပ်နှံခဲ့သည်ဟု သိရသည်။

“ကလေးတွေက မိဘနဲ့ စိတ်ဆိုးပြီး ရန်ကုန်က ထွက်လာကြတာ။ အောက်တိုဘာ ၁ ရက် မနက်မှာပဲ မိဘအသီးသီးကို ပြန်အပ်နှံလိုက်ပါပြီ။ သူတို့ကို မိဘတွေထံ မအပ်နှံခင် လူကုန်ကူး ခံရနိုင်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး အသိပညာပေး ရှင်းလင်း ပြောပြခဲ့ပါတယ်” ဟု ရဲမှူးကြီးသက်နိုင်က တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ပျောက်ဆုံးသွားသော ကျောင်းသူများနှင့် ပတ်သက်ပြီး ပြောကြားသည်။အဆိုပါ ကျောင်းသူလေးဦးနှင့် ကျောင်းသားတစ်ဦးတို့မှာ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment