အိုင်အက်စ်ခေါင်းဆောင် အဘူ ဘက်ခါ အယ်လ် ဘဂ္ဂဒါဒီ။ (ဓာတ်ပုံ - ရိုက်တာ)
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွ အကြီးတန်းခေါင်းဆောင် ၈ ဦးဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီလို့ အီရတ်မြို့ခံတွေနဲ့ ဆေးရုံ သတင်းရင်းမြစ်တွေက ပြောပါတယ်။အီရတ်အနောက်ပိုင်း မြို့တမြို့မှာ အစည်းအဝေး လုပ်နေတုန်း ပစ်ခတ်ခံရတာဖြစ်ပြီး အုပ်စုရဲ့ ခေါင်းဆောင်ကြီး အဘူ ဘက်ခါ အယ်လ် ဘဂ္ဂဒါဒီတော့ သေဆုံးသူတွေထဲမှာ ပါပုံမရဘူးလို့ ဆိုပါတယ်။
အီရတ်အစိုးရကတော့ ဘဂ္ဂဒါဒီ အစည်းအဝေး တက်ဖို့လာတဲ့ ယာဉ်တန်းနဲ့ အစည်းအဝေးကို လေတပ်က အောက်တိုဘာ ၁၁ ရက်နေ့က ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ဘဂ္ဂဒါဒီရဲ့ အခြေအနေကိုတော့ မသိရဘဲ ယာဉ်တန်းကနေ မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ဘဂ္ဂဒါဒီ သေဆုံး ဒဏ်ရာရမှု အတည်မပြုနိုင်တဲ့ အီရတ်စစ်တပ်ရဲ့ နောက်ဆုံး ကြေညာချက်ပါ။
သူဟာ အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ နိုင်ငံ ၂ နိုင်ငံအတွင်း ဘက်ပေါင်းစုံက စစ်ပွဲတွေကြား တနှစ်ကျော် ရှင်သန်လာခဲ့သူပါ။
သူ့ရဲ့တပ်တွေဟာ မနှစ်က အီရတ်မြောက်ပိုင်း နေရာအများစုကို သိမ်းပိုက်အပြီး မွတ်စလင်အားလုံးရဲ့ အုပ်ချုပ်သူ ဘာသာရေးဆရာအဖြစ် သူ့ကိုယ်သူ ကြေညာခဲ့ပါတယ်။
အိုင်အက်စ်တွေရဲ့ ကြေညာချက်တွေကို ဖြန့်ချိနေကျ တွစ်တာ လူမှုကွန်ရက် အကောင့်ကတော့ လေကြောင်းတိုက်ခိုက်မှုဟာ ကောလာဟလသာဖြစ်ပြီး ဘဂ္ဂဒါဒီကို ပစ်မှတ်ထားတယ် ဆိုတာလည်း မှားယွင်းကြောင်း ဖော်ပြပါတယ်။
ဘဂ္ဂဒက်အခြေစိုက် အမေရိကန် စစ်ဘက်အရာရှိကတော့ စစ်ဆင်ရေးအတွင်း ဘဂ္ဂဒါဒီ သေဆုံး ဒဏ်ရာရတဲ့ ဘယ်လို ညွှန်ပြချက်ကိုမှ မမြင်မိဘူးလို့ ပြောပါတယ်။
အီရတ်စစ်တပ်ကတော့ လေတပ်ဟာ အကြမ်းဖက်သမား အဘူ ဘက်ခါ အယ်လ် ဘဂ္ဂဒါဒီက ဒဲရက်ရှ် စစ်ဦးစီးမှူးတွေနဲ့ အစည်းအဝေးကိုတက်ဖို့ ခါရာဘလာမြို့ကို ဦးတည်လာနေတုန်း သူ့ရဲ့ယာဉ်တန်းကို ဗုံးကြဲခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
DVB
0 comments:
Post a Comment