Friday, October 9, 2015

တောင်ပြိုလက်ဝဲတွင် လက်ခံထားသည့် ဘင်္ဂါလီ ၁၀၅ ဦးကို အောက်တိုဘာ ၁၂ ရက်၌ ထပ်လွှဲပေးမည်

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တွင် ယာယီလက်ခံထားသည့် ဘင်္ဂါလီများအနက် ၁၀၅ ဦးကို အောက်တိုဘာ ၁၂ ရက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံလွှဲပြောင်းမည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
မြန်မာ့ပင်လယ်ရေပြင်ပိုင် နက်အတွင်း ဖမ်းဆီးမိသည့် ဘင်္ဂါလီများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ တာဝန်ရှိသူများ စိစစ်၍ ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ယခုအကြိမ်နှင့်ဆိုလျှင်ခြောက်ကြိမ်မြောက် ဖြစ်သည်။

‘‘အောက်တိုဘာ ၁၂ ရက်မှာ စိစစ်ပြီးသား ၁၀၅ ဦးကို မောင်တောနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လွှဲမယ်။ ကျန်တာ တချို့ရှိသေးတယ်။ စိစစ်မှုတွေ ပြီးနေပြီ’’ဟု ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။မောင်တော၊ ဖျာပုံ၊ ကော့သောင်းမြို့များနှင့် ထိစပ်နေသည့် မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်မှ ပြီးခဲ့သည့် ဇွန်လအတွင်း ဘင်္ဂါလီစုစုပေါင်း ၁,၀၄၈ ဦးကို တပ်မတော်(ရေ)က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိသူများ စိစစ်ပြီးနောက် ၈၅၃ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်များဖြစ်ကာ ၁၉၅ ဦးသည် မောင်တောဒေသမှ ဘင်္ဂါလီများဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။ယခင်ငါးကြိမ်က ဘင်္ဂါလီ ၆၂၆ ဦးကို လွှဲပြောင်းခဲ့ပြီး အောက်တိုဘာ ၁၂ ရက် လွှဲပြောင်းမည့် ဘင်္ဂါလီ ၁၀၅ ဦးနှင့်ဆိုလျှင် စုစုပေါင်း ၇၃၁ ဦး လွှဲပြောင်းပြီးဖြစ်သည်ဟု သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့ ယာယီကယ်ဆယ်ရေးစခန်းတွင် အသေးစိတ် စိစစ်နေဆဲ ဘင်္ဂါလီ ၇၇ ဦး ကျန်ရှိနေသေးသည်ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။


7Day Daily

0 comments:

Post a Comment