Monday, October 12, 2015

NCA လက်မှတ်ရေးထိုးပွဲ အပစ်ရပ် လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မတက်ဟုဆို

နေပြည်တော်၌ အောက်တိုဘာလ ၁၅ရက်နေ့တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် အစိုးရဘက်က ဖိတ်ကြားထားသော်လည်း တက်ရောက်မည်မဟုတ်ကြောင်း အပစ်ရပ် လက်မှတ်ထိုးရန် ငြင်းဆန်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပြောကြားသည်။“ကျွန်တော်တို့အဖွဲ့အနေနဲ့တော့ တက်ဖို့မရှိဘူး။ တက်လို့လည်းအကျိုးမရှိဘူးလေ။ ကျွန်တော်တို့ လိုလားတဲ့ ပုံစံမဟုတ်ဘဲ ရသလောက်နဲ့ လုပ်သွားတာပဲ” ဟု NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန်ငြင်းဆန်ထားသည့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာက ပြောကြားသည်။

လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)အဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းလကလည်း “ကျွန်တော်တို့ကို ဖိတ်စာတော့ ပို့ထားတယ် ။ဒါပေမဲ့ တက်ရောက်ဖို့မရှိပါဘူး။ တခြားအဖွဲ့တွေလည်း မတက်ဘူးလို့ ပြောတယ်” ဟု The Voice သို့ပြန်လည်ဖြေကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့က အစိုးရနှင့် လက်မှတ်ရေး ထိုးကြမည်ဖြစ်သည်။

အဆိုပါ NCA လက်မှတ်ရေးထိုးပွဲသို့ SD (အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့)ခေါင်းဆောင် သုံးဦးနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့( NCCT) ခေါင်းဆောင် သုံးဦးကိုသီးခြား ဖိတ်ကြား သွားမည်ဖြစ်ကြောင်း၊ NCA တွင် လက်မှတ်မထိုးသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

NCA ကို လက်မှတ်ရေးထိုးမည့်အဖွဲ့များမှာ ကရင်အမျိုးသားအစည်း ရုံး(KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLA)၊ ချင်းအမျိုး သားတပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ဖြစ်ကြသည်။

NCA လက်မှတ်ရေးထိုးရန် နိုင်ငံတော်သမ္မတက စက်တင်ဘာ ၁၁ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ကမ်းလှမ်းခဲ့သော်လည်း ယခုလက်ရှိတွင် NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သာ သဘောတူ ဆုံးဖြတ်ထားခြင်းဖြစ်သည်။

လတ်တလောတွင် လက်မှတ်ရေးထိုးရန် ငြင်းပယ်ထားသည့် အဖွဲ့များမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက် ရေးပါတီ (KNPP)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ ဖြစ်ကြသည်။

ထို့အပြင် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီ ညွတ်ရေး တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကလည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် ရေးထိုးပြီး ဖြစ်သောကြောင့် NCA လက်မှတ်ရေးထိုးရန် မလိုကြောင်း သဘောထားထုတ်ပြန်ထားသည်။

အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ၊ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရခိုင့်တပ်မတော် (AA)တို့ကို NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ လက်ခံခြင်းမရှိသေးပေ။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ကုလသမဂ္ဂ ၊အီးယူနှင့် တရုတ် ၊ထိုင်း ၊အိန္ဒိယ ၊ဂျပန် နိုင်ငံများမှ ခေါင်း ဆောင်များ ၊ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရှိသည့် သံရုံး တာဝန်ခံများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ ၊လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ဦးခွန်ထွန်းဦး ၊ဦးအေးသာအောင် ၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားရန် နှစ်ဖက်ခေါင်းဆောင်များက သဘောတူထားသည်။

The Voice Weekly

0 comments:

Post a Comment